Monday 17 September 2012

ထေရ၀ါဒ နှင့် မဟာယာန ကွာခြားချက်




မဟာယာနဘာသာကို လူတော်တော်များများ စိတ်ဝင်တစားရှိသော်လည်း အကြောင်းကြောင်း
ကြောင့်မလေ့လာဖြစ်ပဲ အလှမ်းဝေးနေကြတာကို သတိထားမိပါတယ်၊ အထူးသဖြင့် ကိုယ်နဲ့ မဆိုင်ပါဘူးလေ ဆိုပြီး ဖာသိဖာသာနေတာလဲ ပါမှာပါ၊ သို့သော်လည်း တိုင်းတပါးကို ရောက်လာတဲ့အခါမှာတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ နောက်ဆုံး ဘာသာမဲ့ ၀ါဒသမားကအစ တွေ့မြင်နေကြရတာကြောင့် မသိမဖြစ်အနေနဲ့ လိ
ုအပ်လာတယ်၊

အခုတော့ ကိုယ့်ဝန်းကျင်မှာ မဟာယာနဘုန်းကြီးတွေ၊ သီလရှင်တွေ ၊ တရုတ် ကိုးရီးယား ဂျပန်လူမျိုးတွေကို တွေ့လာ၇တဲ့ အခါမှာတော့ သူတို့ဘာသာအကြောင်းကို မသိလို့ မရတော့ဘူး၊
သူ့တို့ဘာသာကို အစအဆုံး ဘုရား တရားက အစ လိုက်မေးနေရတယ် ဆိုရင် ကိုယ့်မြန်မာလူမျိုး သိက္ခာတော်တော်ကျနေပြီ၊ သီတဂူဆရာတော်ကြီး ပြောတဲ့ စကားတခွန်းကို မှတ်သားမိဘူးတယ်၊ ဘယ်ဘာသာကို မဆို လေ့လာထားပါ၊

သူတို့နဲ့ စကားပြောလို့ အနိုင်လိုချင်၇င် သူ့တို့ ဘာသာရဲ့ အားနည်းချက်ကို သိနေတော့ ပြောဆိုရတာ ( နောက်ဆုံး ငြင်းခုံရင်တောင် ကိုယ်က အနိုင်ရမယ် ) သိပ်လွယ်တယ် တဲ့။

အထူးသဖြင့် စာရေးသူတို့ မြန်မာနိုင်ငံမှာ မဟာယာန ဗုဒ္ဓဘာသာ ဆိုတာ တရုတ်ဘုန်းကြီးကျောင်းတွေမှာသာ ရှိတာမို့ ရဟန်းသံဃာတွေရော ဒကာ ဒကာမတွေပါ အလှမ်းဝေးနေခဲ့ကြတယ်။ ဒါကြောင့် လက်လှမ်းမှီသလောက်ကို တင်ပြလိုက်ပါတယ်၊

ထေရ၀ါဒ ဗုဒ္ဓဘာသာ - မည်ပုံ

ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူသော မဟာသက္ကရာဇ် ( ၁၄၈ )ခုနှစ် ကဆုန်လပြည့်နေ့မှနောက် ၃ လလွန်မြောက်ပြီးသောအခါ အရှင်မဟာကဿပဦးဆောင်သော ရဟန္တာမထေရ် ၅၀၀ ဖြင့် ရာဇဂြိုလ်မြို့တွင်ဘုရားရှင်၏ တရားတော်တို့ကို တလုံးတပါဒမျှ ပြင်ဆင် ဖြည့်စွက်ခြင်း၊ ထုတ်နှုတ်ပယ်ရှားခြင်း အလျင်းမရှိခဲ့ပဲ ဟောတော်မူခဲ့သည့်အတိုင်း တသွေမတိမ်း ပထမသင်္ဂါယနာ တင်တော်မူခဲ့ကြသည်။

အချုပ်အားဖြင့် ဘုရားဟောတော်မူခဲ့ပြီးသော တရားတော်တို့ကို ယနေ့အချိန်အထိ တလုံးတပါဒမျှ ပြင်ဆင်ဖြည့်စွက်ခြင်းမရှိပဲ တပည့်သား သာဝက အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာသော ၀ါဒကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ( တပည့်သား သာဝက မထေရ်အစဉ်အဆက် သယ်ဆောင်လာသော ဘုရားဝါဒ ) ဟု မှတ်နိုင်ပါသည်။

ဒုတိယ သင်္ဂါယနာ

မြတ်ဗုဒ္ဓ လွန်တော်မူပြီး သာသနာနှစ်ပေါင်း (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်
တပည့်များ )မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည့်
အချိန်အထိ ၀ိကာလဘောဇန လုပ်နိုင်တယ်၊ သေနု(အရက်ခပ် ပျော့ပျော့ ယခုခေတ် ထန်းရည်လိုမျိုး )ကို သောက်နိုင်တယ်၊ ရွှေငွေများကို လူတွေလို စိတ်ကြိုက် ကိုင်တွယ်အသုံးပြုနိုင်တယ် -- စသဖြင့် တောင်းဆိုခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် ထိုရန်သူတို့အား ကာကွယ်ရန် ဒုတိယအကြိမ် သင်္ဂါယနာတင်ရပြန်သည်။

(၂) သာသနာနှစ် (၁၀၀)နှစ်
(၃) နေရာ ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း
(၄) ခေါင်းဆောင် အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ
(၅) သံဃာဦးရေ ရဟန္တာပေါင်း (၇၀၀)
(၆) မင်း ကာလာသောကမင်း
(၇) ကြာမြင့်ချိန် (၈) လ

အရှင်ယသ၊ အရှင်ရေ၀တ အရှင်သဗ္ဗကာမီ ဦးဆောင်သော ၇ဟန္တာများ ဝေသာလီပြည်၌ သင်္ဂါယနာတင်နေစဉ် ၀ဇ္ဇီတိုင်းသားရဟန်းပျက်များကို သံဃာထု၊ မင်းပရိသတ်ထု၊ ပြည်သူလူထု ပေါင်းပြီး နှင်ထုတ်ခဲ့ကြသည်၊ ထိုရဟန်းပျက် များကာ တစ်သောင်းကျော် ပမာဏ ရှိခဲ့သည် ဟူ၏။

ထိုရဟန်းပျက်တို့ ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်
ပြီး ရှင်ဘုရင်တစ်ပါးမှ သနားကာ ခိုလှုံခွင့်ပေးလိုက်ရာမှ ထိုရဟန်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင် တင်ခဲ့ကြသည်။

ထိုရဟန်းတို့အား တစ်သောင်းကျော်ဟူသော ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု နာမည် တွင်ခဲ့သည်၊ ထိုဂိုဏ်းမှ မဟာယာန၀ါဒ ဖြစ်လာသည်။

ထိုမှတဖန် ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ ( ၇၀၀ )အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောဂိုဏ်း ( တနည်းအားဖြင့် သဗ္ဗတ္ထိဝါဒဂိုဏ်း ) ဟု ခေါ်တွင်ခဲ့သည်။ ထိုဂိုဏ်းမှ ထေရ၀ါဒ ဆင်းသက်လာပါသည်။ အမှန်ကတော့ ငါတို့က ရွာရဲ့ မြောက်ပိုင်းမှာ နေတယ် ဆိုရင် သူတို့က တောင်ပိုင်းမှာ နေတယ် ဟု အလိုလို မပြောသော်လည်း ပြောသကဲ့သို့ ထေရ၀ါဒ ကိုလည်း မဟာယာန ၀ါဒီ တို့သည် ဟီနယာန ဟု သုံးစွဲခဲ့ကြလေသည်၊

အိန္ဒိယ တောင်ပိုင်းဒေသမှ စကာ ပြန့်နှံ့ခဲ့သောကြောင့် တောင်ပိုင်းဗုဒ္ဓဘာသာ(ထေရ၀ါဒ) ဟုလည်းအလွယ်တကူ မှတ်နိုင်ပေသည်။ ယခုအချိန်အထိ သီရိလင်္ကာ၊ ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို နိုင်ငံတို့တွင် သာသနာထွန်းကားနေဆဲမို့ ထေရ၀ါဒ ၅ နိုင်ငံ ဟု အများက အသိအမှတ်ပြု လက်ခံထားဆဲဖြစ်သည်။


မဟာယာနမှာတော့ မဇ္ဈိမဒေသ အိန္ဒိယပြည် မြောက်ပိုင်း ဟိမ၀န္တာကနေ ပြန့်ပွားခဲ့သောကြောင့် မြောက်ပိုင်း ဗုဒ္ဓဘာသာ ( မဟာယာန ) ဟု မှတ်နိုင်သည်၊ဘီစီ ၁ ရာစု မှ စကာ အေဒီ ၁ ရာစု အအတောအတွင်း မဟာယာန ၀ါဒ စတင်ဖြစ်ပေါ်လာသည်ဟု သိရသည်၊

မဟာယာနတို့၏ Saddharma Pundarika Sutra သဒ္ဓမ္မပုဏ္ဍရိက သုတ်တွင်မူ အေဒီ ၂ ရာစုမှ စကာ ခေါင်းဆောင်ဖြစ်သော Nagarjuna နာဂဇုန သည် သူ၏ သုညတ၀ါဒကို စွဲကိုင်ကာ အင်အားကြီးမားစေခဲ့သည်၊

အေဒီ ၄ ရာစုလောက်တွင်တော့Asanga အသင်္ဂ နှင့် Vasubandhu ၀သုဗန္ဓု တို့ လက်ထက်တွင် မဟာယာနဘာသာသည် အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိအောင် ပြန့်ပွားခဲ့သည်ဟု ဆိုရပါမည်။
( မဟာ - မြင့်မြတ်သော၊ ယာန - နိဗ္ဗာန်သို့ ပို့ဆောင်ပေးသော အရာ၊ ယာဉ်ဟူသော၊ ၀ါဒ - အယူရှိသူ )

ထိုအချိန်မှစ၍ မြောက်ပိုင်း ဗုဒ္ဓဘာသာ ခေါ် မဟာယာန သည် တရုတ်ပြည်၊ တိဗက်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ကိုးရီးယား ဂျပန် စသော တောင် အာရှ နိုင်ငံများအထိ နှစ်ပေါင်းများစွာ ခေတ်အဆက်ဆက် ပြန့်ပွားခဲ့သည်၊

ထိုနိင်ငံတို့တွင် ထေရ၀ါဒ ဘာသာ အားကောင်းစွာ ပျံ့နှံ့သည်ဟူ၍ မကြားဖူးခဲ့ပေ။ အနည်းစုတော့ ရှိခဲ့လိမ့်မည်၊ ထို့ကြောင့် တရုတ် ဂျပန် ကိုးရီးယား တို့၏ ဘာသာရေး အခန်းကဏ္ဍများတွင် တုံးခေါက်ခြင်း၊ ဖယောင်းတိုင် အမွှေးတိုင် ထွန်းခြင်း သေသူအား ရည်စူးကာ စက္ကူများအားမီးရှို့ ပြာချခြင်း စသည်များသည် နိုင်ငံ ဓလေ့ ယဉ်ကျေးမှု့အရ အနည်းငယ် ကွဲလွဲသည်မှအပ တူညီနေကြပေသည်။

ပြိုကျခါနီး အိမ်ကို ကျားကန် ထားရသလိုဖြစ်နေတဲ့ မဟာယာန ဘာသာဟာ နောက်ပိုင်းခေတ်မှာတော့ ဂျပန်နိုင်ငံက စပြီး ရဟန်းတော်များ အိမ်ထောင်ပြုသင့်တဲ့ဂိုဏ်း၊ မပြုသင့်တဲ့ ဂိုဏ်း ဆိုပြီး ကွဲပြားလာတယ်၊ တချို့အရက်သောက်ကြတယ်၊ တချို့က မသောက်ဘူး၊ တချို့သက်သက်လွတ်စားတယ်၊ တချို့က မစားကြဘူး၊

ဒါကြောင့် ယခုအချိန်မှာ ကိုးရီးယား ဂျပန် ဘုန်းကြီးတော်တော်များများဟာ
အိမ်ထောင်ရှိကြတယ်၊ အရက်သောက်ကြတယ်၊ ပါတီ နိုက်ကလပ်တက်ကြတယ် လို့ တဆင့်စကား ကြားဖူးပါတယ်၊ တရုတ်၊ တိဗက် ဟောင်ကောင် ထိုင်ဝမ် စတဲ့ နိုင်ငံတွေမှာ ရှိတဲ့ မဟာယာနဘုန်းကြီး တွေကတော့ အိမ်ထောင်ပြုတယ် လို့ မကြားမိပါဘူး၊

ဒါကြောင့် သူတို့ကတော့ နည်းနည်း သန့်ရှင်းသေးတယ် လို့ ယူဆ၇မှာပါ။

သက်သက်လွတ်ဝါဒကတော့ တော်တော် ကြီးစိုးနေဆဲပါပဲ၊ ဒါကလဲ ဘုရားရှင်လက်ထက်တော်အခါကတည်းက အရှင်ဒေ၀ဒတ်က တောင်းဆု ငါးပါးထဲမှာ ရဟန်းတော်များသက်သက်လွတ် စားဖို့ သိက္ခာပုဒ်ပညတ်တော်မူပါဘုရား - ဆိုပြီး တောင်းပန်ခဲ့ဖူးပေမယ့် ဘုရားရှင်က ခွင့်မပြုခဲ့ဘူး။

အရင်းစစ်တော့ အမြစ်မြေက - ဆိုသလို မြောက်ပိုင်း ဗုဒ္ဓဘာသာခေါ် မဟာယာန၀ါဒ ဟာလဲ ဒုတိယသင်္ဂါယနာ တင်ချိန် ကတည်းက အဓမ္မ၀ါဒက နေ ဆင်းသက်လာတာမို့ အယူဝါဒတော်တော်များများ လွဲနေတာ မထူးဆန်းတော့ပါဘူး။

လွတ်မြောက်ရာ လမ်းများ နှိုင်းယှဉ်ချက်

ထေရ၀ါဒ ဘာသာ တွင် နိဗ္ဗာန် ပန်းတိုင်သို့ -

၁ ။ သမ္မာသမ္ဗုဒ္ဓ အဖြစ်နှင့် ကူးမြောက်ခြင်း၊
၂ ။ ပစ္စေကဗုဒ္ဓါ ဘုရားငယ်အဖြစ် ကူးမြောက်ခြင်း၊
၃ ။ သာဝက ဗောဓိ - ခေါ် ရဟန္တာအဖြစ် ကူးမြောက်ခြင်း ဟု သုံးမျိုးရှိသည်။

မဟာယာန ဘာသာတွင်လည်း -

Bodhisattvayana, ( ဗောဓိသတ္တ ယာန ) ဘုရားအလောင်းယာန၊

Prateka-Buddhayana, ( ပစ္စေက ဗုဒ္ဓယာန ) ပစ္စေဗုဒ္ဓါလောင်း ယာန၊

Sravakayana ( သာဝက ယာန ) သာဝကလောင်း ယာန၊ဖြင့် ကူးမြောက်ခြင်း ဆိုပြီး တူညီသော အမျိုးအစားများ တွေ့ရသည်။

ထေရ၀ါဒ နှင့် မဟာယာန၀ါဒတွင် တူညီသော အင်္ဂါ ( ၆ ) ချက်

(၁) မြတ်စွာဘုရားကို နှစ်ဖက်စလုံးက ဆရာ အဖြစ်လက်ခံကြတယ်။
(၂) သစ္စာ လေးပါး တရားတော်ကို နှစ်ဖက်လုံးက အပြည့်အ၀လက်ခံကြတယ်။
(၃) မဂ္ဂင်ရှစ်ပါး တရားကိုလဲ လက်ခံတာချင်း တူညီတယ်၊

(၄) ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်ကို လက်ခံတာလဲ တူညီတယ်၊
(၅) ဖန်ဆင်းရှင်ကို နှစ်ဖက်လုံးမှာ လက်မခံပဲ ပယ်မြစ်ပါတယ်။
(၆) အနိစ္စ ၊ဒုက္ခ၊အနတ္တ နဲ့ သီလ၊သမာဓိ ၊ပညာတွေကို နှစ်ဖက်လုံးက လက်ခံကြတယ်။


Mahayana and Theravada

Now, what is the difference between Mahayana and Theravada?

I have studied Mahayana for many years and the more I study it, the more I find there is hardly any difference between

Theravada and Mahayana with regard to the fundamental teachings.

1- Both accept Sakyamuni Buddha as the Teacher.

2- The Four Noble Truths are exactly the same in both schools.

3- The Eightfold Path is exactly the same in both schools.

4- The Paticca-samuppada or the Dependent Origination is the same in both schools.

5- Both rejected the idea of a supreme being who created and governed this world.

6- Both accept Anicca, Dukkha, Anatta and Sila, Samadhi, Panna without any difference.

အနတ္တကို နှစ်ဖက်စလုံးက လက်မခံကြပေမယ့် ကွဲပြားချက်က တရားတော်တွေ မဟုတ်ဘဲ ဗောဓိသတ္တ လို့ ခေါ်တဲ့ ဘုရားလောင်း ၊ ဘုရားကျင့်စဉ် အပေါ်မှာ ထားတဲ့ သဘောထား ဖြစ်နေတယ်။

ထေရ၀ါဒ က ဘုရားလောင်း ကို ပုထုဇဉ်ပဲရှိသေးလို့ မကိုးကွယ်ဘူး။ ထေရ၀ါဒဆိုတာ ရဟန္တာ ဖြစ်ဖို့ ကျင့်တဲ့ ၀ါဒဖြစ်ပြီး ၊ မဟာယာနကတော့ ဗုဒ္ဓဖြစ်မယ့် ဘုရားလောင်း ဗောဓိသတ္တကျင့်စဉ်ကို လက်ခံတဲ့ ၀ါဒပါ။

ထေရ၀ါဒမှာ ဗောဓိသတ္တကို လွတ်မြောက်ရာ သစ္စာတရားကို မသိသေးတဲ့ ပုထုဇဉ်မို့ မကိုးကွယ်
သေးပေမယ့် ၊ မဟာယာန မှာတော့ ကိုးကွယ်စရာ ဗောဓိသတ္တတွေ များပါတယ်။ ဘုရားလောင်း ၊ ဘုရားရဲ့ မိခင်၊ ဖခင် အများကြီး ရှိပါသေးတယ်။

ဖားအောက်ဆရာတော်ကြီးရဲ့ ဓမ္မစကြာနှင့် ၀ိပဿနာ တရားတော်ကို နာဖူးပါတယ်၊
မဟာယာန အယူဝါဒမှာ - အရဟတ္တဖိုလ်ရပြီးသား ရဟန္တာပုဂ္ဂိုလ်ဟာ ဒီဘ၀ကနေ နိဗ္ဗာန်ကို မျက်မှောက်ပြုလို့ မရသေးဘူး။ ရဟန္တာအဖြစ်ကနေ အနာဂမ် ၊ သကဒါဂမ် ၊ သောတာပန် အထိ ပြန် လျှောကျသွားတယ်။ ပုထုဇဉ်ပြန်ဖြစ်သွားရမယ် ။ ပြီးမှ ဘုရားဆုပန်ပြီး ဘုရားဖြစ်ဖို့ ပြန်ကြိုးစားကြရမယ်။

ထေရ၀ါဒ မှာတော့ မဟုတ်ဘူး - ပုထုဇဉ်ဘ၀ကနေ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ အစဉ်အတိုင်းဖြစ်ပြီးရင် နိဗ္ဗာန်ကို မျက်မှောက်ပြုရတာပါပဲ၊ နောက်ဆုံးဘ၀ပေါ့၊ သူ့အတွက် ဒီဘ၀ ဒီခန္ဓာကိုယ်ဟာ နောက်ဆုံးပါပဲ၊ ဘုရားဟောထားတဲ့ စကားလေးတခွန်းရှိတယ်၊ ရဟန္တာဖြစ်တဲ့သူ များလဲ ပြောလေ့ရှိကြတယ်၊ အထူးသဖြင့် ဘုရားရှင်ကိုယ်တိုင်ပါ။

(၁) အကုပ္ပါ မေ ၀ိမုတ္တိ = ငါ၏ ရရှိပြီးသော အရဟတ္တဖိုလ် ဥာဏ်သည် ဘယ်လိုအကြောင်း
ကြောင့်မှ မပျက်စီးနိုင်တော့ပေ။
(၂) အယမန္တိမာ ဇာတိ ၊ နတ္ထိ ဒါနိ ပုန ဗ္ဘဝေါတိ = ဒီဘ၀သည် နောက်ဆုံးဘ၀ပဲ။ နောက်ထပ် ဘ၀သစ် ဆိုတာ မရှိတော့ဘူး၊
(၃) နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ - ၇ဟန္တာ ဖြစ်ပြီးရင် နောက်ထပ် ကျင့်ကြံစရာ လုံးဝ မရှိတော့ဘူး - တဲ့။

ဒါကို ထောက်သောအားဖြင့် ထေရ၀ါဒဟာ အားလုံး ဘုရားဟောစကားနဲ့ တူညီနေသေးတယ်။
မဟာယာနမှာတော့ ကိုယ်မကြိုက်တာတွေကို ပယ်လိုက်၊ ထုတ်လိုက် ပြန်ထည့်လိုက်၊ အသစ်ထပ်တိုးလိုက်နဲ့ ခေတ်အ ဆက်ဆက် ဖြတ်သန်းခဲ့တာမို့ ဘယ်တရားက ဘုရားဟော တရား အစစ်အမှန်လဲ ဆိုတာ တိတိကျကျ ပြောနိုင်ဖို့ ခက်ခဲတဲ့ အခြေအနေကို ရောက်နေပါပြီ။


စစ်မှန်သော တရားတော်တို့ သည် မိမိတို့ လက်ထဲမှာသာ ရှိနေသေးသောကြောင့် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ ဟုသာ တိုက်တွန်းစကားဆိုရင်း နိဂုံး ချုပ်ပါရစေ --
>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်

Thursday 30 August 2012

ဗုဒ္ဓသာသနာ့အလံတော်အကြောင်း




အပြာသဒ္ဓါ၊ အ၀ါမြင့်မြတ် နီမှာပညာ၊ ဖြူရောင်ဝင်းဝင်း စင်ကြယ်ခြင်းတည်း

တဏှာကင်းပြောင်း လိမ္မော်ရောင်နှင့်
ရောင်စဉ်ဖြာဖြာ သင်္ကေတာမှာ
အရိယာ၏ ဖော်ညွှန်းဂုဏ်ရည်
စာသွန်းစီသည် လ၀န်းရောင်ခြည်

ဓမ္မစေတီ။ဓမ္မစေတီဆရာတော်ကြီး ဟောကြားတဲ့တရားတော်ထဲက ဗုဒ္ဓဘာသာအလံတော်အကြောင်း ဖွဲ့ဆိုချက်ပါ။

သမိုင်း

အလံတော်ကို ၁၈၈၅ ခုနှစ်မှာ သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့မှာ ကိုလံဘိုကော်မတီက ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ ကော်မတီမှာ Ven. Hikkaduwe Sri Sumangala Thera (ဥက္ကဌ), Ven. Migettuwatte Gunananda Thera, Don Carolis Hewavitharana (အနာဂါရိက ဓမ္မပါလအရှင် ရဲ့ဖခင်), Andiris Perera Dharmagunawardhana (အရှင်အနာဂါရိက ဓမ္မပါလအရှင် ရဲ့ မိခင်ဘက်က အဖိုး), William de Abrew, Charles A. de Silva, Peter de Abrew, H. William Fernando, N. S. Fernando and Carolis Pujitha Gunawardena (အတွင်းရေးမှုး) တို့ ပါဝင်ပါတယ်။

အလံတော်ကို ၁၈၈၅ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ထုတ် Sarasavi Sandaresa သတင်းစာမှာ စတင်ပုံနှိပ်ဖြန့်ချိခဲ့ပြီး Vesak Day (ကျွန်မတို့ရဲ့ ကဆုန်လပြည့်နေ့) ဖြစ်တဲ့ ၁၈၈၅ ခုနှစ် မေလ ၂၈ ရက်နေ့မှာ Kotahena အရပ်မှာရှိတဲ့ Dipaduttamarama မှာ Ven. Migettuwatte Gunananda Thera က လူထုမြင်ကွင်းမှာ ပထမဆုံးလွှင့်တင်ခဲ့ပါတယ်။ အဲဒီနေ့ဟာ ဗြိတိသျှတို့အုပ်စိုးတဲ့ကာလမှာ ပထမဆုံး Vesak ပြည်သူ့ရုံးပိတ်ရက် ဖြစ်ခဲ့ပါတယ်။

Theosophical အဖွဲ့အစည်းရဲ့ ဥက္ကဌဖြစ်တဲ့ အမေရိကန် ဂျာနယ်လစ် ဗိုလ်မှူးကြီး ဟန်နရီစတီးလ်အိုလ်ကော့တ်က အလံတော်ရဲ့ ရှည်လျားတဲ့ အတန်းလိုက်ပုံသဏ္ဍာန်ဟာ နေရာတိုင်းမှာ အသုံးပြုလို့ အဆင်မပြေနိုင်ဘူးလို့ ထင်မြင်တာကြောင့် ပြောင်းလဲပြင်ဆင်ဖို့ အကြံပေးခဲ့ပါတယ်။ ဒါကြောင့် အလံတော်ရဲ့ အရွယ်အစားနဲ့ ပုံသဏ္ဍာန်ဟာ နိုင်ငံတော်အလံတွေအတိုင်း ဖြစ်လာပါတယ်။ အဲဒီနောက် ပြုပြင်မှုတွေကို သင့်တော်သလိုပြုလုပ်ခဲ့ပါတယ်။ အသစ်ပြင်ဆင်ထားတဲ့ အလံတော်ကို ၁၈၈၆ ခုနှစ် ဧပြီလ ၈ရက်နေ့မှာ Sarasavi Sandaresa သတင်းစာမှာပဲ ပုံနှိပ်ဖြန့်ဝေခဲ့ပြီး ၁၈၈၆ ခုနှစ် Vesak Day (ကဆုန်လပြည့်နေ့) မှာ လူထုမြင်ကွင်းမှာ လွှင့်တင်ခဲ့ပြန်ပါတယ်။

၁၈၈၉ ခုနှစ်မှာ အနာဂါရိက ဓမ္မပါလအရှင်နဲ့ အိုလ်ကော့တ်တို့က ဂျပန်ဘုရင်ကို အလံတော်ပြသပြီး ဂျပန်နိုင်ငံနဲ့ စတင်မိတ်ဆက်ပေးခဲ့ပြီး နောက်တဆက်ထဲ မြန်မာနိုင်ငံကိုလည်း ဆက်လက်မိတ်ဆက်ပေးခဲ့ပါတယ်။

၁၉၅၀ ခုနှစ် မေလ ၂၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များ ညီလာခံ (Conference of the World Fellowship of Buddhists) ဖွင့်ပွဲမှာ တည်ထောင်သူ ဥက္ကဌ ပါမောက္ခကြီး G P Malasekera က အလံတော်ကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အလံတော်အဖြစ် ရွေးချယ်သတ်မှတ်ဖို့ အဆိုပြုပါတယ်။ ဒီအဆိုပြုချက်ကို တညီတညွှတ်ထဲ အဆင့်ဆင့်ဖြန့်ဝေကြပြီး ပျံ့နှံ့သွားပါတယ်။

အရောင်များ

အလံတော်မှာပါဝင်တဲ့ အရောင်ငါးမျိုးဟာ မြတ်စွာဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရရှိချိန် ကိုယ်တော်ကနေ ကွန့်မြူးထွက်ပေါ်တဲ့ ရောင်ခြည်တော် ခြောက်သွယ်ကို ကိုယ်စားပြုပါတယ်။

ပြာသောရောင်ခြည် (နီလ) = ကရုဏာ၊ ငြိမ်းချမ်းမှု နှင့် စကြာဝဠာသို့ ဖြန့်ကျက်သော မေတ္တာတော်။

ဝါသောရောင်ခြည် (ပီတ)= အလယ်အလတ်လမ်းစဉ် ~ အစွန်းရောက်ခြင်း၊ သတိလက်လွတ်နေခြင်းများကို ရှောင်ကျဉ်ခြင်း။

နီမောင်းသောရောင်ခြည်(လောဟိတ)= လက်တွေ့ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများ ~ အောင်မြင်ခြင်း၊ အသိဥာဏ်၊ သီလ၊ ကံနှင့် စောင့်စည်းမှု။

ဖြူသောရောင်ခြည် (သြဒါတ)= တရားဓမ္မ၏ စင်ကြယ်ခြင်း ~ အချိန်၊ နေရာ အကန့်အသတ်တို့ကို လွန်မြောက်၍ သံသရာဝဋ်ဆင်းရဲမှာ လွတ်မြောက်အောင် လမ်းပြခြင်း၊

လိမ္မော်ရောင်ခြည် (မဉ္ဖိဋ္ဌ)= ဗုဒ္ဓ၏ဟောကြားဆုံးမမှုများ ~ အသိဥာဏ်ပညာ။


အလံတော်ပေါ်က ခြောက်ခုမြောက် ဒေါင်လိုက်လိုင်းကို ကျန်တဲ့အရောင်ငါးမျိုးရဲ့ လေးထောင့်လိုင်းလေးတွေနဲ့ ပေါင်းစပ်ပြုလုပ်ထားပြီး အဲဒီလိုင်းဟာ ရောင်ခြည်တော်ထဲက အရောင်ငါးမျိုးပေါင်းစုံမှုကို ကိုယ်စားပြုပါတယ်။ အဲဒီ ပေါင်းစပ်မှုအရောင်ဟာ “ပဘဿရ” (အလင်းရဲ့အဓိက အနှစ်ချုပ်) ကို ရည်ညွှန်းပါတယ်။

တိဗက်မှာတော့ အလံတော်ထဲက လိုင်းတွေဟာ (ကမ္ဘာတလွှားက) ဗုဒ္ဓဘာသာဘုန်းတော်ကြီးများရဲ့ သက္ကန်းအရောင်မျိုးစုံကို အောင်လံတံခွန်တစ်ခုထဲမှာ တစုတစည်းထဲ ဖော်ညွှန်းပါတယ်။ တိဗက်ဘုန်းတော်ကြီးများရဲ့ သက္ကန်းဟာ ကြက်သွေးရောင် ဖြစ်ပါတယ်။ ဒါကြောင့် အလံတော်မူရင်းပုံစံထဲက လိမ္မော်ရောင်ကို တခါတရံ ကြက်သွေးရောင်နဲ့ အစားထိုးတတ်ကြပါတယ်။

ဂိုဏ်းဂဏဆိုင်ရာ မူကွဲများ

ဂိုဏ်းဂဏခွဲခြားမှု မရှိတဲ့ ဗုဒ္ဓဘာသာအလံတော်ကတော့ ဘုန်းတော်ကြီးကျောင်းပေါင်းများစွာရဲ့ အထက်မှာ တလူလူ လွင့်နေပါတယ်။ ဒါပေမယ့် တချို့နေရာတွေမှာတော့ သူတို့ရဲ့ ဟောကြားသင်ပြတဲ့ ပုံစံကို အသားပေး အလေးထားတဲ့အနေနဲ့ အလံတော်ရဲ့အရောင်တွေကို ပြောင်းလဲထားတာတွေ ရှိပါတယ်။

~ ဂျပန်နိုင်ငံက ရှင်းဗုဒ္ဓဘာသာကျောင်းရဲ့ အလံတော်ပေါ်က လိမ္မော်ရောင်လိုင်းကို ပန်းရောင်လိုင်းနဲ့ အစားထိုးပါတယ်။
~ နိပေါနိုင်ငံက တိဗက်ဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မော်ရောင်လိုင်းကို သပြေမှည့်ရောင်နဲ့ အစားထိုးပါတယ်။
~ မြန်မာနိုင်ငံက ထေရဝါဒဗုဒ္ဓဘာသာဝင်တွေကတော့ လိမ္မောရောင်လိုင်းကို အစိမ်းပုတ်ရောင်နဲ့ အစားထိုးပါတယ်။
~ ဂျပန်နိုင်ငံက Soka Gakkai ကတော့ အပြာ၊ အဝါနဲ့ အနီရောင်သုံးမျိုးစပ်ကို အသုံးပြုပါတယ်။
>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်

Thursday 9 August 2012

ဗုဒ္ဓ၀ါဒနဲ့ အမျိုးသမီးများ (၂)

 အမျိုးသ္မီးများ၏အဆင့်အတန်း၊ နေရာ၊ ရပိုင်ခွင့်၊ အခွင့်အရေးနှင့် အမျိုးသ္မီးများအပေါ် ထားရှိသော သဘောထားအမြင်များမှာ ဘာသာတရား အလိုက်၊ ဒေသအလိုက်၊ နိုင်ငံလူမျိုးအလိုက် မတူညီပေ၊၊ အချို့သော ဘာသာနှင့်၊ နိုင်ငံလူမျိုးများတွင် အမျိုးသ္မီးများကို နေရာပေးမှု၊ အရေးပေးမှု၊ အဆင့်ပေးမှု အားနည်းသည်ကို လေ့လာရသည်၊၊ ဆက်ဆံမှုတွင်ပင် အမျိုးသ္မီးများကို နိမ့်ကျစွာဆက်ဆံလေ့ရှိ သည့် ဘာသာတရားများစွာကို တွေ့ရသည်၊၊

ဟိန္ဒူဘာသာ၊
ခရာစ်ယာန်ဘာသာ၊
ဗုဒ္ဓဘာသာ၊
မူစလင်ဘာသာ၊
အသီးသီးတို့တွင် အမျိုးသ္မီးများအပေါ် နေရာပေး၊ အဆင့်သတ်မှတ်ပုံခြင်း လွန်စွာ ကွာခြားသည်၊၊ အရှင်၏ ယ္ခုစာတမ်းထဲတွင် အခြားဘာသာများ၏ အမျိုးသ္မီးးများအပေါ် သဘောထားအမြင်ကို အသေးစိတ်မဖော်ပြတော့ဘဲ၊ ဗုဒ္ဓဘာသာ၏ အမျိုးသ္မီးများအပေါ် မည်သို့ မည်ပုံသဘောထားသည်၊ နေရာပေးသည်၊ အဆင့်သတ်မှတ်သည်၊ ဆက်ဆံသည်တို့ကိုသာ ပါဠိစာပေ အထောက်အထားများဖြင့် ဖော်ပြမည်ဖြစ်ပါ သည်၊၊

ကောသလမင်းကြီးသည် တစ်နေ့သောအခါ ဗုဒ္ဓရှင်တော်အထံသို့ ရောက်လာခဲ့သည်၊၊ ဗုဒ္ဓနှင့် စကားပြောနေစဉ် အမတ်တစ်ဦးရောက်လာပြီး၊ ကောသလရှင်ဘုရင်ကို နားနားကပ်၍တီးတိုး လျောက်တင်လိုက်သည်၊၊ မင်းကြီးသည် သတင်းစကားကို ကြားလိုက်ရသောအခါ မျက်နှာမသာ မယာဖြစ်သွားသည်၊၊ ဗုဒ္ဓရှင်တော်မှ မင်းကြီးဘယ်လိုကြောင့် မျက်နှာမသာမယာဖြစ်သွားရသနည်းဟု မေးသောအခါ၊ မိဗုရားခေါင်ကြီး မလ္လိကာ ဒေ၀ီမှ သ္မီးမိန်းကလေးဖွားမြင်ကြောင်း သိလိုက်ရသောကြောင့် စိတ်နှလုံးမသယာမယာ ဖြစ်ရပါသည်ဟု လျောက်တင်လေသည်၊၊

မင်းကြီး အင်္ဂါ(၄)မျိုးနှင့်ပြည့်စုံလျင် အမျိုးသ္မီးသည်အမျိုးသားနှင့်တန်းတူ မြင့်မြတ်သူဖြစ်သည်ဟု ညွှန်ပြလိုက်ပါသည်၊၊ မြင့်မြတ်သည့် အမျိုးသ္မီး တို့၌ရှိသည့် အင်္ဂါလေးမျိုးမှာ--

(၁) ပညာတတ်ခြင်း၊
(၂) ကိုယ်ကျင့်တရား ကောင်းခြင်း၊
(၃) နှစ်ဘက်မိဘကို ရိုသေတတ်ခြင်း၊
(၄) လင်သားအပေါ် အမျိုးသမီးတာဝန်ကျေပွန်ခြင်း၊ တို့ဖြစ်သည်၊၊

ဤအင်္ဂါလေးမျိုးတိုးတက်အောင် ညွန်ပြသွန်သင်ပြီး၊ သမီးမိန်းကလေးများကို ကောင်းစွာနေရာပေးသင့်သည်ဟု ဗုဒ္ဓရှင်တော်မှ ကောသ လမင်းကြီးအား မိန့်တော်မူပါသည်၊၊

ဖော်ပြသည့် ဇာတ်လမ်းကိုသုံးသပ်ကြည့်လျင် ဗုဒ္ဓဘာသာ၌ အမျိုးသ္မီးအမျိုးသား ခွဲခြားမှုမရှိ၊ ကိုယ်ကျင့်တရားနှင့် အသိညာဏ်အပေါ်အခြေခံ၍ အမျိုးသ္မီးများကို ကောင်းမွန်စွာဆက်ဆံ၊ နေရာပေးထားသည်ကို လေ့လာရရှိနိုင်သည်၊၊

အခြားဟောပြောချက် တစ်နေရာတွင်မူ အနုစိတ်လွန်းသည့် ပြဿနာများကို အဖြေရှာရာတွင် အမျိုးသ္မီးများ၏ အသိညာဏ်ပါးနပ်မှုသည် အမျိုးသားများထက်သာလွန်ကြောင်း ဖော်ပြထားပါသည်၊၊ ဤဖော်ပြချက်မှာ အမျိုးသ္မီးတို့၏ ညာဏ်ပညာထက်မြက်မှုကို ထင်ဟပ်စေပါသည်၊၊

ကိစ္စတသီး၊ အရေးကြီး၍၊
မပြီးနိုင်က၊ ကြံမရသော်၊
မိန်းမကိုသာတိုင်ပင်ရာဟု၊
ပညာရှိများ၊ အစဉ်ကြားလျက်၊
ထင်ရှားမိန့်မှာ၊ ဥဒါန်းလာ၏၊၊ (မဃဒေ၀ လင်္ကာ)

ဗုဒ္ဓကိုယ်တိုင် ဟောပြောထားသည့် အခြားဇာတ်လမ်းတစ်ခုတွင်မူ “ဘုန်းကံမရှိသော အမျိုးသားသည် ဘုန်းကံကြီးသည့် အမျိုးသ္မီးကို မရရှိနိုင်ကြောင်း”ပါရှိလေသည်၊၊ သို့ဆိုလျင် အချို့အမျိုးသ္မီးများသည် အမျိုးသားများထက်ပင် ဘုန်းကံကြီးကြောင်း တွေ့ရမည်ဖြစ်သည်၊၊

ဟိန္ဒူ-ဗြဟ္မဏ၀ါဒတွင် အမျိုးသ္မီးများသည် သေလွန်သွားကြသည့် ဆွေမျိုးမိဘများအတွက် ကုသိုလ်ပြု၍ အမျှဝေခွင့်ကို မရရှိပေ၊ အကြောင်းမှာ အမျိုးသ္မီးတို့ပေးဝေသော အမျှကိုသေလွန်ပြီး သူများက “သာဓု”မခေါ်ဆိုနိုင်သောကြောင့်ဟု ဆိုသည်၊၊ ဤ၀ါဒကို လက်မခံလို၍ ဗုဒ္ဓရှင်တော်မှ “နန္ဒနီသုတ်”တွင် သေလွန်သူ ဆွေမျိုး၊ မိဘ၊ မိတ်ဆွေများအတွက် အမျိုးသားဖြစ်စေ၊ အမျိုးသ္မီးဖြစ်စေ အမျှဝေနိုင်ကြောင်း၊ သေလွန်ပြီးသူများ သည်လည်း ပေးဝေသည့်အမျှကို ဧကန်ရရှိပါကြောင်း သင်ပြ ထားပါသည်၊၊

ဘာသာရေးကျင့်ဝတ်များ၊ ကုသိုလ်လုပ်ငန်းများကို အမျိုးသ္မီးတို့ကိုယ်တိုင်ပြုလုပ်ခွင့်မရသော ကမ္ဘာ့ ဘာသာပေါင်း များစွာရှိပါသည်၊၊ ဗုဒ္ဓဘာသာ တွင်မူ အမျိုးသ္မီးများသည် သက်တော်ထင်ရှား ဗုဒ္ဓကိုယ် တော်တိုင်ကိုပင်လျင် ဆွမ်းဆက်ကပ်ခွင့်၊ ရင်းနှီးစွာနေထိုင်ခွင့်ကို ရရှိပါသည်၊၊ ၀ိသာခါ ကျောင်း အမကြီးနှင့် ဗုဒ္ဓရှင်တော်တို့သည် အမျိုးသ္မီးတို့၏အတွင်းရေးများကို အခါအားလျော်စွာ ဆွေးနွေးလေ့ရှိ ကြောင်း “၀ိနယပိဋက”တွင် ဖော်ပြ ပါသည်၊၊ “နကုလမာတာ+နကုလပိတာ”ဇနီးမောင်နှံတို့သည် မြတ် စွာဘုရားကို ပထမဆုံးအကြိမ် တွေ့လျင်တွေ့ခြင်း မြတ်စွာဘုရား ရှင်အား သာမန်ရင်းနှီးသူများကိုကဲ့သို့ ဖက်လှဲတကင်း နှုတ်ဆက်သမှု၊ ပြုကြသည်ဟု ဖော်ပြထားပါ သည်၊၊

ထိုဇနီးမောင်နှံကို မြတ်စွာဘုရားရှင်မှ အပြစ်တစ်စုံတရာ မတင်သည့်အပြင် “ဤဇနီးမောင်နှံသည် ငါဘုရားရှင်နှင့် ရင်းနှီးသူများအထဲတွင် အရင်းနှီးဆုံးသူများဖြစ်သည်ဟု ဧတဒဂ်ဘွဲ့ထူး”ကိုပင် ပေးအပ်တော်မူပါသည်၊၊ ဤသာဓကကိုထောက်ဆ၍ ယနေ့ခေတ်အခါတွင် တချို့သော စေတီ၊ သိမ်၊ ကျောင်း၊ ဘုရား များအပေါ်သို့ အမျိုးသမီးမတက်ရ၊ မကိုင်တွယ်ရ၊ မထိရ၊ မတက်ရဆိုသောအယူအဆများမှာ ဘုရားရှင်လက်ထက်က မရှိခဲ့ဘဲ၊ နှောင်းခေတ်များမှ ဖြစ်ပေါ်လာသောအယူအဆများသာ ဖြစ်နိုင်လေသည်၊၊

ရှေးခေတ် အိန္ဒိယအယူအဆ တစ်ခုတွင်လည်း အရွယ်ရောက်ပြီး အိမ်ထောင်မပြုသော(အပျိုကြီး) အမျိုးသ္မီးများကို “အမျိုးကို ယုတ်နိမ့်စေသူ”ဟု သဘောထားသတ်မှတ်ကြသည်၊၊ မိသားစုတွင် ကျွန်တစ်ဦးကဲ့သို့ ဆက်ဆံသည်ဟု လေ့လာတွေ့ရှိရသည်၊၊ မြတ်စွာဘုရားရှင်သည် မမှန်ကန်သည့် ဤအယူအဆကို ပယ်လှန်သည့်အနေဖြင့် “မဟာဝစ္ဆဂေါတ္တသုတ်”တွင် အမျိုးသ္မီးတစ်ဦးအနေဖြင့် အိမ်ထောင်မပြုလိုလျင် နေခွင့်ရှိကြောင်း၊ အမျိုးကိုယုတ်ညံ့စေသူ မဖြစ်ကြောင်းနှင့်၊ အပျိုကြီးဘ၀ ဖြင့်နေသဖြင့် “ဗြဟ္မစရိယ”ဟုခေါ်သော မြင့်မြတ်သည့်အကျင့်ကို အိမ်ထောင်သည် အမျိုးသ္မီးများထက် ကျင့်ကြံရန် လွယ်ကူသူများဖြစ်ကြောင်း ချီးမွှန်းတော်မူပါသည်၊၊

ဤအထောက်အထားမှာ ဗုဒ္ဓဘာသာ၏ သာမန်အမျိုးသ္မီးများအတွက်တင်မက အိမ်ထောင်မပြု လိုသည့်အမျိုးသ္မီးများ၊ အိမ်ထောင်ကျပြီး အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ပျက်ထားသော အမျိုးသ္မီးများအတွက်ကိုပါ ထည့်သွင်းစဉ်းစား၊ အလေးထားသည်ကို လေးနက်စွာတွေ့ရ ပါသည်၊၊ ဤသင်ကြားချက်များကို လေ့လာသောအားဖြင့် ဗုဒ္ဓ၀ါဒသည် ဘာသာရေးသီးသန့်ဝါဒ သက်သက် မဟုတ်ဘဲ၊ လူမှုရေးကဏ္ဍများကိုလည်း အလေးထားဟောပြောသည့် ဘာသာဝါဒဖြစ်သည်ကို တွေ့ရ မည်ဖြစ်သည်၊၊

မှန်သည်၊၊ အိမ်ထောင်မပြုသော အမျိုးသ္မီးနှင့်၊ အိမ်ထောင်ကျပြီး ကွာရှင်းထားသောအမျိုးသ္မီးများသည် သာသနာဘောင်သို့၍၀င်၍ လောကုတ္တရာ တရားများကိုလည်း လွတ်လပ်စွာကျင့်ခွင့်ရသည်၊ လူသာမန်ဘ၀ဖြင့် တရားဘာဝနာလိုက်စားမည်ဆိုကလည်း လွတ်လပ်စွာလိုက်စားခွင့်ကို အိမ်ထောင်ရှင် အမျိုးသ္မီးများထက် ပို၍လွယ်ကူစွာရသည်မှာ ငြင်းရန်မရှိသောလွတ်လပ်မှု ဖြစ်ပါသည်၊၊

ထို့ပြင် အမျိုးသ္မီးများတွင် အမျိုးသားများနှင့် တန်းရည်တူအရည်အသွေး (၅)မျိုးရှိကြောင်းကို “စိတ္တပရိယာဒါယ၀ဂ္ဂ၊ အဂုင်္တ္တရပါဠိ”တွင် ညွှန်ပြထားပါသည်၊၊ အမျိုးသ္မီးတို့၏ အမျိုးသားများနည်းတူ

အရည်အသွေး ငါးမျိုးမှာ--
(၁) အမျိုးသ္မီးတို့၏ အဆင်း၊
(၂) အမျိုးသ္မီးတို့၏ အသံ၊
(၃) အမျိုးသ္မီးတို့၏ အနံ့၊
(၄) အမျိုးသ္မီးတို့၏ အနှစ်၊
(၅) အမျိုးသ္မီးတို့၏ အတွေ့၊ တို့ဖြစ်ပါသည်၊၊

ယောကျာင်္းတစ်ဦးသည် မည်မျှစွမ်းရည်ပြည့်ဝသည်၊ အင်အားကြီးသည်ဆိုစေကာမူ အမျိုးသ္မီးတို့၏ အထက်ပါစွမ်းရည်များအောက်တွင် ဆွဲဆောင်မှုကိုခံကြရကြောင်း၊ ကျရှုံးကြရကြောင်း ဗုဒ္ဓကိုယ်တော်တိုင် ဟောတော်မူထားပါသည်၊၊ မျက်မှောက်ခေတ်နှင့်၊ ထိုထိုနိုင်ငံသမိုင်း များတွင်လည်း အထက်ပါ အမျိုးသ္မီးတို့၏ စွမ်းရည်အောက်တွင် အများသားခေါင်းဆောင်များစွာတို့ ဆွဲဆောင်မှုခံကြရ၊ ကျရှုံးကြ ရသည်ကို လေ့လာသောအားဖြင့် အထင်သေးအပ်သည့် စွမ်းရည်များမဟုတ်သည်ကို သတိချပ်အပ်သည်၊၊ အထက်ဖော်ပြပါစွမ်းရည်ငါးမျိုးမှာ အမျိုးသား များတွင်လည်း နည်းတူ တည်ရှိပါသည်၊၊

ထို့ပြင် အမျိုးသ္မီးများတွင် အမျိုးသားနည်းတူ တည်ရှိသောအခြားစွမ်းရည်ရှစ်မျိုးကိုလည်း ဗုဒ္ဓရှင်တော်သည် “ဣတ္ထိဗန္ဓနသုတ်”တွင် ဟောတော် မူထားပါသေးသည်၊၊ စွမ်းရည်ရှစ်မျိုးမှာ--

(၁) အမျိုးသ္မီးတို့၏ အဆင်း၊
(၂) အမျိုးသ္မီးတို့၏ ပြုံးရယ်မှု၊
(၃) အမျိုးသ္မီးတို့၏ အပြောအဆို၊
(၄) အမျိုးသ္မီးတို့၏ တေးသီချင်း၊
(၅) အမျိုးသ္မီးတို့၏ မျက်ရည်၊
(၆) အမျိုးသ္မီးတို့၏ အတွင်းသဘောထား၊
(၇) အမျိုးသ္မီးတို့၏ ပန်းနံ့သာပန်ဆင်မှု၊
(၈) အမျိုးသ္မီးတို့၏ အတွေ့အထိ၊ တို့ဖြစ်ကြသည်၊၊

အထက်တွင်တင်ပြထားသည့် စွမ်းရည်ရှစ်မျိုးမှာ အမျိုးသားနှင့် အမျိုးသ္မီးတွင် တန်းရည်တူရှိသော စွမ်းရည်များဖြစ်ပါသည်၊၊ ဖော်ပြထားသည့် စွမ်းရည်များမှာ အမျိုးသ္မီးနှင့် အမျိုးသားတို့၏ သဘာဝ စွမ်းရည်များဖြစ်ကြောင်းနှင့်၊ အမှန်တကယ်လည်း စွမ်းရည်ပြည့် အသုံးဝင်သော စွမ်းရည်များဖြစ် ကြောင်း လေ့လာသိရှိရသည်၊၊

လူ့အသိုင်းအ၀ိုင်းကြီးသည် မိဘများကြောင့် ပေါ်ထွန်းလာခြင်းဖြစ်သည်၊၊ အမျိုးသားချည်း လူ့အသိုင်း အ၀န်းကြီး မဖြစ်ပေါ်နိုင်သကဲ့သို့၊ အမျိုးသ္မီးချည်းလည်း လူလောကကို တည်ဆောက်ရန် မဖြစ်နိုင်ပေ၊ ထို့ကြောင့် အမျိုးသားနှင့် အမျိုးသ္မီးတို့မှာ အဆင့်တူအရေးပါသော လူသားအရင်းအမြစ် ဖြစ်သည်ဟုဆိုက သင့်တော်သည့်အဆိုဖြစ်သည်၊၊ အမျိုးသ္မီးများသည် အမျိုးသားလောက် အရေးပါမှုမရှိ၊ မြင့်မြတ်မှုမရှိဟု ဆိုလျင် ဘက်လိုက်သောအဆိုသာ ဖြစ်တော့သည်၊၊

ဗုဒ္ဓရှင်တော်သည် “သုဗြဟ္မသုတ်၊ အဂုင်္တ္တရနိကာယ်”တွင် မိသားစုတစ်ခုတွင် မိခင်နှင့် ဖခင်တို့မှာ သား/ သမီးများအတွက် တန်းတူအဆင့်ရှိသည်ဟု ဟောပြောထားသည်ကို တွေ့ရသည်၊၊ ဤသုတ် တွင် “မိသားစုတွင် မိဘနှစ်ဦးလုံးကိုပင် မြင့်မြတ်သူများဖြစ်၍ ရှေးဦးဆရာဟူ၍၄င်း၊ ဗြဟ္မာကြီးများ ဟူ၍၄င်း၊ သား/ သမီးတို့၏အပူဇော်ကို ခံယူထိုက်သူများဟူ၍၄င်း” အထူးအဆင့်ရှိနေရာများတွင် တန်းတူထား၍ ဗုဒ္ဓရှင်တော် ဟောကြား တော်မူထားပါသည်၊၊

မိသားစုတစ်ခုတွင် အမျိုးသားထမ်းဆောင်ရသောတာဝန်နှင့် အမျိုးသ္မီးထမ်းဆောင်ရသော တာဝန်များသည် လေးနက်မှုအားဖြင့် တူညီသည်ကို တွေ့ရသည်၊၊ အမျိုးသားသည် စီးပွားရှာရသကဲ့သို့ အမျိုး သ္မီး၏ အိမ်တွင်းတာဝန်များသည်လည်း ပေါ့ပါးလှသည်မဟုတ်ပေ၊၊ ၀မ်းနည်းဖွယ် ကောင်းသည်မှာ အမျိုးသ္မီးများ၏ အိမ်တွင်းအလုပ်များသည် လေးနက်သည်မှန်သော်လည်း အမည်တပ်၍ပြစရာ မရှိဖြစ် နေတတ်ခြင်း ဖြစ်သည်၊၊ မည်သို့ဆိုစေ အမျိုးသ္မီးများသည် အိမ်ထောင်တစ်ခုတွင် အမျိုးသားနည်းတူ အဆင့်ရှိ၊ အရေးပါသောသူများ ဖြစ်တော့သည်၊၊

“ဒုတိယလောက ၀ိဇယသုတ်၊ အင်္ဂုတ္တရနိကာယ်”တွင် အမျိုးသ္မီးများမဖြစ်မနေ ထမ်းဆောင်နေရသည့် အိမ်ထောင်ရေးတာဝန် ရှစ်မျိုးကိုဖော်ပြ ထားသည်၊၊ “သိင်္ဂါလောက၀ါဒသုတ်”တွင်မူ အမျိုးသမီး၊ အမျိုး သားနှစ်ဦးလုံးတို့၏ အိမ်ထောင်ရေးတာဝန်ငါးမျိုးစီကို ဖော်ပြထားသည်၊၊ အမျိုးသားများမခံစား ရဘဲ၊ အမျိုးသမီးများသီးသန့် အိမ်ထောင်ရေးတွင် ခံစားကြရသောဒုက္ခငါးမျိုးကို “အာဝေနိက ဒုက္ခသုတ်”တွင် ဖော်ပြထားပါသည်၊၊

(၁) အိမ်ထောင်ပြုပြီးသော အမျိုးသ္မီးသည် မိဘကိုစွန့်ခွာ၍ အမျိုးသားအိမ်သို့လိုက်ပါရခြင်း၊
(၂) လစဉ်ဓမ္မတာ သွေးဆင်းရခြင်း၊
(၃) ကိုယ်ဝန်ဆောင်ရခြင်း၊
(၄) သား၊ သ္မီးမွေးဖွားရခြင်း၊
(၅) လင်ယောကျာင်္းအား ပြုစုရခြင်း၊ တို့ဖြစ်သည်၊၊

အာဝေနိက ဒုက္ခငါးမျိုးမှာ အမျိုးသ္မီးတစ်ယောက်အတွက် ဘ၀တစ်သက်တာ ခံစားရသောအဆုံး မသတ်သည့် ဆင်းရဲခြင်းများဖြစ်ပါသည်၊၊ အမျိုးသားများသည် အာဝေနိက-ဒုက္ခမှအခန့်သားကင်း လွတ်ခွင့်ရသူများပင် ဖြစ်သည်၊၊ အာဝေနိက ဒုက္ခမည်မျှအထိ ပင်ပမ်းဆင်းရဲသည်ကို အမျိုးသ္မီးများသာ သိနိုင်သည်၊၊ သို့သော် “ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် တစ်နေ့ကိုသုဿာန်သို့ မျက်စောင်း သုံးကြိမ်ထိုးသည်”ဟု မြန်မာရှေးရိုးစကားရှိသောကြောင့် ခန့်မှန်း၍ကားအမျိုးသားများပင် သိရှိနိုင်လေသည်၊၊

ဤမျှ ဘ၀တာဝန်အကြီးများကို ထမ်းဆောင်နေရသော အမျိုးသ္မီးများကို ဗုဒ္ဓရှင်တော်မှ အမျိုးသားများနှင့် အခွင့်အရေးတန်းတူ ပေးသနား တော်မူသည်မှာ လွန်စွာတရားမျှတသည်ဟု ဆိုရပါမည်၊၊ သို့သော် အမျိုးသ္မီးများအတွက် ၀မ်းနဲဖွယ်အကြောင်းတစ်ရပ်မှာ မည်သို့ပင်ဗုဒ္ဓရှင်တော်မှ နေရာပေး စေကာမူ ယေဘုယျ အမျိုးသ္မီးတို့၏ လူမှုအသိုင်းအ၀န်း အံဝင်ခွင်ကျမဖြစ်မှု၊ ခန္ဓာဗေဒဆိုင်ရာ မသင့်တော်မှုအချို့ကြောင့် အမျိုးသားနည်းတူအဆင့်တစ်ခုကို အပီအပြင်ရရှိရန်ကား ဖြစ်နိုင်ခြေမရှိသော အကျိုးတစ်ရပ်ပင် ဖြစ်ပါသည်၊၊

သဘာဝအားဖြင့် အမျိုးသ္မီးများသည် အမျိုးသားများထက် အလှအပကို ပို၍ခံစားတတ်သူ၊ မိမိအလှ အပကိုလည်း ပြတတ်သူများဖြစ်ပါသည်၊၊ သို့ပါလျက် မိမိအလှအပကိုလည်း ပြခွင့်မရ၊ သူတစ်းပါး အလှအပကိုလည်း လွတ်လပ်စွာခံစားခွင့်မရသော၊ တစ်ကိုယ်လုံးခြုံထားရသည့် အမျိုးသ္မီးများလည်း ယနေ့ခေတ်တိုင် ရှိနေပါသေးသည်၊၊

ဗုဒ္ဓဘာသာတွင် အမျိုးသ္မီးများအတွက် အမြင့်ဆုံးအဆင့်တစ်ခုကို ဗုဒ္ဓရှင်တော်ကိုယ်တိုင် ပေးတော်မူခဲ့ပါသည်၊၊ ထိုအခွင့်အရေးမှာ အမျိုးသ္မီးများသည် အမျိုးသားများကဲ့သို့ သာသနာဘောင်တွင် ရဟန်း ပြုခွင့်ရနိုင်ပါသည်၊၊ ဗုဒ္ဓဘာသာ၏ ပန်းတိုင်ဖြစ်သည့် ဈာန်၊ မဂ်၊ ဖိုလ်နှင့်၊ နိဗ္ဗာန်ချမ်းသာကိုလည်း အမျိုးသ္မီးများ ရရှိစံစားနိုင်ပါသည်၊၊ မြတ်စွာဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သာသနာဘောင်တွင် အမျိုးသ္မီးများသည် “ဘိက္ခုနီ”ဟူသောအမည်ဖြင့် ရဟန်းပြုကြပြီး၊ ရဟန္တာမကြီးများဖြစ်သွားကြသည့် အမျိုးသ္မီးပေါင်းများစွာပင် ဘုရားရှင်လက်ထက်တော်က ရှိခဲ့ပါသည်၊၊

သီရိလင်္ကာနိုင်ငံနှင့် အခြားထေရာဝါဒဗုဒ္ဓဘာသာနိုင်ငံများတွင် ယနေ့တိုင် “ဘိက္ခုနီသာသနာ” တည်ရှိ နေပါသေးသည်၊၊ မြန်မာနိုင်ငံတွင်မူ ဘိက္ခုနီသာသနာ ကွယ်ပျောက်ခဲ့ပြီး၊ အမျိုးသ္မီးများသည် သာသနာတော်တွင် “သီလရှင်”အမည်ဖြင့် သာ ကျန်ရှိနေပါတော့သည်၊၊ မည်သို့ဆိုစေ အမည်နာမ သည် အရေးကြီးလှသည် မဟုတ်ပါ၊ အကျင့် သိက္ခာများကို ကျင့်သုံးမှုသည်သာ ပဓာနဖြစ်ပါသည်၊၊

မြတ်စွာဘုရားရှင်လက်ထက်တော်က အမျိုးသားများသည် အမျိုးသ္မီးရဟန်း ဘိက္ခုနီများကို အထင် သေးကြပါသည်၊ ထို့ကြောင့် မြတ်စွာဘုရားရှင်မှ ရဟန္တာဖြစ်ပြီးသော “မဟာပဇာပတိ ဂေါတမီဘိက္ခုနီ” အား ရဟန်းအမျိုးသ္မီးများကို အထင်သေးကြသည့်သူများအတွက် တန်ခိုးအမျိုးမျိုးကို ပြစေပါသည်၊၊ ‘ဂေါတမီ ဘိက္ခုနီ’သည် ကောင်းကင်သို့ဈာန်အဘိညာဉ်ဖြင့်တက်၍ ရေ-မီး-အစုံအစုံ တန်ခိုးအမျိုးမျိုးကို ဖန်ဆင်းပြပါသည်၊၊ ထိုအခါကြမှသာ အမျိုးသားများသည် အမျိုးသ္မီးရဟန်းများကို ရှိခိုး၊ ဦးချရိုသေ လာခဲ့ကြပါသည်၊၊

တင်ပြခဲ့ပြီး အထက်ပါ သာဓက၊ ယုတ္တိ၊ သဘာဝများကိုထောက်ဆ၍ လေ့လာသုံးသပ်လျင် ဗုဒ္ဓဘာ သာသည် အမျိုးသ္မီးများကို အလေးထား ဆက်ဆံသော ဘာသာတစ်ခုဖြစ်ကြောင်း ထင်ရှားပါသည်၊၊ ထို့အပြင် အမျိုးသ္မီးများအတွက် အခွင့်အရေး၊ အဆင့်၊ နေရာအကောင်းဆုံးပေးသော ဘာသာတစ် ခုဖြစ်သည်မှာလည်း လက်တွေ့ပင်ဖြစ်ပါသည်၊၊ မိမိရသည်အခွင့်အရေးကို အကောင်းဆုံးအသုံးချရန် သည်ကား အမျိုးသ္မီးများ၏ တာဝန်သာ ဖြစ်ပါသည်၊၊

ယနေ့ခေတ်အခါတွင်မူ အမျိုးသ္မီး၊ အမျိုးသားခွဲခြားမှုသည် မရှိသလောက်ပပျောက်ခဲ့ပြီ ဖြစ်ပါသည်၊၊ နိုင်ငံအများတွင် အမျိုးသ္မီးခေါင်းဆောင် များပေါ်ထွက်လျက်ရှိပြီး၊ ပညာရေးနယ်ပယ်၊ စီးပွားရေးနယ် ပယ်၊ လူမှုရေးနယ်ပယ်၊ ကျန်းမာရေးနယ်ပယ်၊ နိုင်ငံရေးနယ်ပယ်အသီးသီးတွင် အမျိုးသ္မီးများသည် အမျိုးသားနည်းတူ စွမ်းရည်ပြကြလျက်၊ အခွင့်အရေးတန်းတူရရှိနေကြပြီ ဖြစ်ပါသည်၊၊ အမျိုးသ္မီး များအနေဖြင့် သည့်ထက်ပို၍ တိုးတက်အောင် ကြိုးစားနိုင်ကြမည်ဆိုလျင် ပို၍ဘ၀မျက်နှာပန်းလှ ကြမည် ဖြစ်ပါသည်၊၊

အရှင်တင်ပြခဲ့သော ဗုဒ္ဓဘာသာအတွင်း အမျိုးသ္မီးများအတွက် နေရာပေးမှုစာတမ်း အတိုင်းအတာ တစ်ခုအထိ ပြည့်စုံပြီဖြစ်ပါသည်၊၊ ရခဲလှသည့်လူ့ဘ၀တွင် အမျိုးသား၊ အမျိုးသ္မီးမရွေး ကိုယ်တိုင်ကြိုး စားမှုမြင့် ပြီးပြည့်စုံသည့် ဘ၀အဆင့်အတန်းကို ရရှိနိုင်ကြပါစေကြောင်း အာသီသပြုလျက် စာတမ်းကို အဆုံးသတ်အပ်ပါသည်၊၊
>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်

Friday 30 December 2011

ဗုဒ္ဓဝါဒနှင့် မိန်းမသား


‘ဗုဒ္ဓဝါဒ’ ဟူသည် အဘယ်နည်း။ အကောင်းသက်သက်သာ ရှုမြင်သော အကောင်းမြင်ဝါဒလည်း မဟုတ်။ အဆိုးသဘော အပျက်သဘောတို့ကိုချည်း ရှုမြင်သော အဆိုးမြင်ဝါဒလည်း မဟုတ်ပေ။ ထိုဝါဒ နှစ်ခုစလုံးသည် ဗုဒ္ဓဝါဒအတွက် အစွန်းတရားများ ဖြစ်သည်။ ဗုဒ္ဓဝါဒသည် အစွန်းရောက်သော ဝါဒမဟုတ်ချေ။ အလယ်အလတ်ကျင့်စဉ် တရားဝါဒသာ ဖြစ်လေသည်။

ထို့ပြင် ဗုဒ္ဓဝါဒသည် ဗုဒ္ဓ၏ တရားတော်များသည် ကျောင်းတိုက်မျာတွင် သတင်းသုံးနေကြသည့် ရဟန်းသံဃာတော်များ အတွက်သာ မဟုတ်။ အိမ်ယာ ထူထောင်၍ နေထိုင်ကြသော ယောက်ျားမိန်းမ လူသားအားလုံးအတွက်ဖြစ်၏။

ထို့ကြောင့် မြတ်စွာဘုရား၏ တရားတော်များသည် လူ့ဘဝကို စွန့်ခွာ၍ သစ်တပင်အောက်၊ ဝါတပင်အောက်သို့ သွားရောက်ကျင့်ကြံနိုင်မှ မဟုတ်။ လူတို့ နေထိုင်သွားလာပြောဆို ကြံစည်နေသည့် နေ့စဉ်ဘဝ၌ လက်တွေ့လိုက်နာ ကျင့်ကြံနိုင်သော တရားများဖြစ်သည်။

ဗုဒ္ဓဝါဒသည် ဘက်လိုက်သော ဝါဒမဟုတ်၊ ဗုဒ္ဓ၏ သန္တာန်ဘောင်တွင်လည်း ဘက်လိုက်ကိလေသာဟူ၍ မြူမှုန်မျှပင်မရှိ၊ ဘက်လိုက်ပြီး အကြမ်းဖက်၍ မည်သူမျှ မိမိဘက်သို့ပါအောင် သိမ်းသွင်း ဆွဲဆောင်ခြင်း မရှိ၊ မြတ်စွာဘုရားသခင်သည် သူ့အား ကိုးကွယ်သည်ဖြစ်စေ၊ မကိုးကွယ်သည်ဖြစ်စေ လူမျိုးမရွေး ဆူကြုံနိမ့်မြင့်မရွေး အားလုံးသော သတ္တဝါဝေနေယျတို့အပေါ် ညီမျှသော မဟာဂရုဏာတော် ထားရှိ၏။ ထို့ပြင် မည်သည့်ဘာသာ အပေါ်တွင်မျှလည်း စော်ကားခြင်းပုတ်ခတ်ခြင်း၊ နှိမ့်ချခြင်းမရှိပေ။

ဗုဒ္ဓဝါဒသည် ကိုယ်ကျိုးစီးပွား၌ မျှော်မှန်းခြင်း ကင်းလျက် စေတနာ သဒ္ဓါသက်သက်ဖြင့်သာ ဤလောက၏ ကောင်းမှုဆိုးမှုတို့ကို ကြည့်ရှုဆင်ခြင်သော အနတ္တ ဝါဒဖြစ်သည်။ ဘုရား၊ တရား၊ သံဃာဟူသော ရတနာသုံးပါးသည် ဤလောက၌ အယူအပူဇော်ခံသက်သက်အနေဖြင့် ပွင့်ထွန်းပေါ်ပေါက်လာသည်မဟုတ်။ ဘုရားဟောတော်မူသည့် အတိုင်း လိုက်နာကျင့်သုံး၍ အနိမ့်ဆုံးအနေဖြင့် ကလျာဏပုထုဇဉ် (လူကောင်း) ဖြစ်သွားအောင် ထို့ထက်စွမ်းနိုင်ပါက မဂ်ဖိုလ်ကို ရသွားသည်အထိ ကျင့်ကြံအားထုတ်နိုင်စေရန်အတွက်သာ ဖြစ်သည်။

ယခုအချိန်တွင် ဗုဒ္ဓဝါဒက ဘာသာဝင် မိန်းမသားတို့သည် ဒါန၊ သီလတို့နှင့် ရောင့်ရဲ တင်းတိမ်နေကြပေ၏။ သို့မဟုတ် ယောက်ျားတို့၏ ပါရမီဖြည့်ဖက်ဟူ၍လည်း လက်ခံယုံကြည်နေကြသည်။ သံသရာမှ လွတ်ကြောင်း အကျင့်တရားတို့ကို များသောအားဖြင့် မလေ့လာ မကျင့်ကြံကြတော့ပေ။

ယခုခေတ်ကာလသည် အပြောင်းအလဲများသော ခေတ်၊ အခက်အခဲမျိုးစုံ ကြုံတွေ့နေရသောခေတ် ဖြစ်သည်။ ဒုက္ခတွေလည်း ပိုများလာကြ၏။ အလုပ်အကိုင်များ ပိုလာကြသည်။ စားဝတ်နေရေး ဒုက္ခ၊ မိသားစုတာဝန် နိုင်ငံဆိုင်ရာ တာဝန်များ ပိုလာကြသည်။ မိန်းမသားတို့မှာ အခွင့်အရေးကို တောင်းဆိုရင်း အလုပ်တွေ ပိုများလာကြသည်။ ယခင်က ထမ်းဆောင်ခဲ့သော အိမ်တွင်းမှု အိမ်ထောင်ရေး လုပ်ငန်းများထက် အဆပေါင်းများစွာ ပိုလာကြ၏။ စိတ်ညစ်စရာ သောကများလည်း ပိုလာကြ၏။ အခက်အခဲ ဒုက္ခပေါင်းများစွာကို ရင်ဆိုင်ဖြေရှင်းရာတွင် စိတ်တည်ငြိမ်ခိုင်ခံမှု မရှိပါက တပူပေါ် နှစ်ပူဆင့် ဖြစ်လာနိုင်၏။ ဒေါသများ အလိုမကျမှုများကြောင့် မလိုအပ်သော ပြဿနာများ၊ ကျန်းမာရေး ထိခိုက်မှုများ၊ ပတ်ဝန်းကျင်နှင့် အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်၏။

စိတ်တည်ငြိမ် ခိုင်ခန့်မှု ရရှိစေရန်အတွက်လည်း ဗုဒ္ဓဝါဒတွင် ကျင့်စဉ်ပေါင်းများစွာ ရှိပေသည်။ သို့သော် ‘ကိစ္စများမြောင် လူတို့ဘောင်’ဟု ဆိုသည့်အတိုင်း အားလပ်သော အချိန် မရှိသလောက်ကို ဖြစ်နေပေ၏။ ကိုယ်ခန္ဓာက အနားယူနေသောအခါများတွင်လည်း စိတ်ကို အနားမယူပေးနိုင်ကြပေ။ သို့သော် ဗုဒ္ဓဘုရား၏ တရားတော်များတွင် ကိစ္စများမြောင် လူတို့ဘောင်တွင်း၌ နေထိုင်ရင်း ကျင့်ကြံအားထုတ် စိတ်တည်ငြိမ် ခိုင်ခန့်မှုကို ရယူနိုင်သော တရားလည်းရှိ၏။ ၄င်းတို့မှာ ‘အပ္ပမာဒေန သမ္ပာဒေတ’ ပင်ဖြစ်၏။ ‘အပ္ပမာ’ဆိုတာ မမေ့မလျော့တာ၊ မမေ့မလျော့ခြင်း ဆိုတာကတော့ စိတ်က ဟိုဟာဒီဟာ တွေးပြီးတော့ စိတ်ကူးယဉ်ထဲမှာ မနေတာ။ ပစ္စုပ္ပန်မှာ ကိုယ့်ကိုယ်မှာ ကိုယ့်စိတ်တွေမှာ ဖြစ်နေတာကို သိနေတာကို ‘အပ္ပမာဒေန’လို့ ခေါ်ပေ၏။

‘သတိနဲ့နေ၊ သိနေပါ’ ဒါကို တရားအားထုတ်တယ်လို့ ခေါ်ပါတယ်။ တရားအားထုတ်တဲ့အခါ အနိမ့်ဆုံး အကျိုးကျေးဇူးဟာ စိတ်ဓာတ်အင်အားတွေ တိုးလာတယ်။ စိတ်ကြည်လင်လာတယ်။ ချမ်းသာလာတယ်။ အဲဒီလို စိတ်အင်အားပြည့်လာတဲ့၊ စိတ်ချမ်းသာတဲ့လူဟာ သူ့မှာ တခြားလုပ်စရာ ကိုင်စရာရှိတဲ့အခါမှာ အဲဒီကိစ္စကို ကြည်လင်အေးချမ်းတဲ့ သတိသမာဓိ ရှိနေတဲ့ စိတ်ကလေးနဲ့ပဲ အာရုံပြုကြည့်လို့ရှိရင် သူ့အခက်အခဲရဲ့ သဘာဝကို သူကောင်းကောင်းနားလည်တယ်။ ဘာလုပ်ရင် အဆင်ပြေမယ်ဆိုတာလည်း ကောင်းကောင်းနားလည်တယ်။ ရှုပ်ထွေးနေတဲ့ စိတ်နဲ့ လုပ်စရာရှိတဲ့ ကိစ္စကို  တွေးတဲ့အခါ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး။ ဘာလုပ်ရင် ကောင်းမလဲဆိုတာ ပေါ်မလာနိုင်ဘူး။ စိတ်အထင်နဲ့ပဲ ဟိုဟာလုပ်ရင်ကောင်းမလား၊ ဒီဟာလုပ်ရင်ကောင်းမလား မရွေးနိုင်ဘူး။ ထင်မိထင်ရာတွေ လုပ်မိတတ်တယ်။ အဲဒီလို လုပ်မိလို့ရှိရင် အမှားအယွင်းတွေ များတယ်။ တခါတလေ လုပ်ပြီးကာမှ ငါ ဒါလုပ်ဖို့မကောင်းဘူး၊ အချိန်လည်း ကုန်သွားပြီ၊ တမျိုးပြင်ရင် ကောင်းမယ်၊ တခါတလေ ပြန်ပြင်ဖို့လည်း မဖြစ်နိုင်တော့ဘူး။ အချိန်လည်း မရှိတော့ဘူး။ ပိုက်ဆံလည်း မရှိဘူး။ ဒုက္ခတွေ အများကြီး ရောက်ရပါတယ်။ စိတ်ကြည်လင်အောင် တည်ငြိမ်အောင် ထားတတ်သူဟာ အခက်အခဲ ရှိလာတဲ့အခါမှာ အေးအေးဆေးဆေး ခံစားပြီး ဖြေရှင်းနိုင်ပါတယ်။ စိတ်တည်ငြိမ် ခိုင်ခန့်မှု ရှိလာအောင် ‘အပ္ပမာဒေန သမ္ပာဒေတ’ နဲ့ အလေ့အကျင့် လုပ်ယူကြရမှာပါပဲ။

အခုခေတ် မိန်းမသားတွေ ပဋာစာရီလောက် အခြေအနေ မဆိုးကြသေးပါဘူး။ ကြိုးစားပြီး အလေ့အကျင့် လုပ်ယူရင်ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် လက်ထက်တုန်းက ‘ပဋာစာရီ’ ဆိုတာ အကြီးအကျယ် ပူလောင်ရူးသွပ်ခဲ့ရသူတဦးပါ။ ခင်ပွန်းသည်က မြွေကိုက်လို့သေ။ သားကြီးက ရေနစ်လို့သေ၊ သားငယ်က စွန်ချီလို့သေ၊ မိဘနှစ်ပါးနဲ့ အစ်ကိုက လေကြီး မိုးကြီးကျ အိမ်ပြိုလို့သေ၊ တနေ့တည်းမှာ ချစ်သူ ခြောက်ဦးတို့ရဲ့ ခြောက်လောင်းပြိုင် သေပွဲကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ သူဟာ မြတ်စွာဘုရားရဲ့ တရားကို နာကြားရတဲ့အတွက် ပူလောင်မှုတွေ ငြိမ်းအေးသွားပါတယ်။ ရှုပ်ထွေးမှုတွေ ရှင်းလင်းသွားပါတယ်။ တရားတော်ရဲ့ အဆုံးမှာ ‘ပဋာစာရီ’ သောတာပန် တည်သွားပါတယ်။ နောက်တော့ ဘိက္ခူနီမပြုပြီး ဆက်တရားအားထုတ်လိုက်တာ ပဋိသမ္ဘိဒါလေးပါးနဲ့တကွ ရဟန္တာဖြစ်သွားတဲ့အပြင် ဝိနည်းဆောင်တဲ့ ဘိက္ခူနီတွေထဲမှာ အသာဆုံး အမြတ်ဆုံး ဧကဒဂ်ဘွဲ့ကိုပါ ဆွတ်ခူးရရှိသွားပါတယ်။

ဆက်ပြီးပြောချင်တာက ရဟန္တာဆိုတာ ယောက်ျားတွေပဲ ဖြစ်ခွင့်ရတာလို့ ယူဆနေသူတွေကိုပါပဲ။ ဒီအယူအဆ အမှားကြီးကလည်း ရှေးရိုးစွဲကြီး ဖြစ်နေပါတယ်။ ရဟန္တာဆိုတာ မိန်းမဘဲဖြစ်ဖြစ်၊ ယောက်ျားပဲဖြစ်ဖြစ် ဖြစ်ခွင့်ရှိပါတယ်။ ကျင့်ကြံအားထုတ်မှုတွေနဲ့ သက်ဆိုင်ပါတယ်။ ပဋစာရီဟာ မိန်းမသားပါပဲ။ မိန်းမသားတောင်မှ ရူးနေတဲ့ မိန်းမသား၊ သည့်ခြေပျက်သွားတဲ့ မိန်းမသား၊ ပဋိသမ္ဘိဒါလေးပါးနဲ့တကွ ရဟန္တာဖြစ်သွားတဲ့အပြင် မြတ်စွာဘုရား ချီးမြှင့်တဲ့ ဝိနည်းဆောင် ဘိက္ခူနီတွေထဲမှာ အသာဆုံး၊ အမြတ်ဆုံးဖြစ်တဲ့ ဧကဒဂ်ဘွဲ့ကိုပါ ရရှိခဲ့တယ်။

ဒါဆိုရင် ယောက်ျားတွေမှ ရဟန္တာဖြစ်ခွင့် ရှိတယ်ဆိုတဲ့ အယူကို ဆက်ပြီး မယူကြပါတော့နဲ့။ မိန်းမတွေလည်း ရဟန်းပြုခွင့်ရှိပါတယ်။

မိန်းမတွေ ရဟန်းပြုခွင့် ရှိမရှိ ဆိုတဲ့ ပြဿနာဟာ ‘ဘိက္ခူနီဓမ္မနန္ဒ’ ကြောင့် ထိုင်းနိုင်ငံ ထေရဝါဒ၊ ဗုဒ္ဓဘာသာလောကအတွင်း အတော်လေးပင် ဂယက်ရိုက်ခတ်သွားစေခဲ့ပါတယ်။ အမှားတွေ၊ အမှန်တွေ၊ ငြင်းရင်း နောက်ဆုံးမှာတော့လည်း အမှန်တရား ဖြစ်တဲ့အတိုင်း ဘိက္ခူနီဓမ္မနန္ဒမှ အနိုင်ရရှိသွားပါတယ်။ ဒီပြဿနာမျိုး မြန်မာနိုင်ငံ၊ ထေရဝါဒ ဗုဒ္ဓဘာသာမှာလည်း ဖြစ်ခဲ့ဖူးပါတယ်။ သထုံဇေတဝန် ဆရာတော်ဘုရားကြီးခေတ်က ဖြစ်ပါတယ်။ နောက်ဆုံး ဆရာတော်ဘုရားကြီးပဲ အနိုင်ရရှိခဲ့ပါတယ်။ ‘မိလိန္ဒပဥာအဌကဏ’အား ရှုပါ။

ဒါကြောင့် ‘ဘူတံဘူတတောပဿတိ’ အရှိကို အရှိအတိုင်း မြင်လျှင် နိဗ္ဗာန်ရတော့တာပါပဲ။ မိန်းမ ယောက်ျား မခွဲခြားထားပါဆိုတဲ့ အကြောင်းကို ပြောကြားလိုပါတယ်။ 
>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်

ဗုဒ္ဓဝါဒနှင့် ပြည့်တန်ဆာ


‘ပြည့်တန်ဆာ’ဟူသော ဝေါဟာရကို ဗုဒ္ဓဝေါဟာရ ဗုဒ္ဓစာပေ ကျမ်းဂန်များတွင် ဆိုဘီနီ (Sobhini) ဟူ၍ တွေ့ရ၏။ ယင်းသည် နာဂါဆိုနီရှီ (Nagar Sobhini) ကို အတိုကောက်သုံးခြင်း၏ အဓိပ္ပါယ်မှာ ‘မြို့တော်မှ ပိုင်ဆိုင်သည့် အလှမယ်’ ဖြစ်သည်။ ထိုဘွဲ့အမည်ကို ဝဇ္ဇီ (Vajji) ဘုရင်က ပထမဆုံး ပေးအပ်ခဲ့၍ အနှစ်သာရမှာ နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် အသက်မွေးရသော ရာထူးအဆင့်ကို အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ ထိုဘွဲ့ကိုရရှိရန် အမျိုးသမီး တစ်ဦးသည် ထူးထူးခြားခြား လှပရသည့်အပြင် လူမှုအနုပညာများဖြစ်သော သီဆိုခြင်း၊ ကခုန်ခြင်း၊ ပြောဆိုဆက်ဆံခြင်း၊ ကဗျာလင်္ကာနှင့် ကာမသျှတ္တရ (ကာမပိုင်းဆိုင်ရာ ကျေနပ်နှစ်သိမ့်စေမှု အတတ်ပညာ) များကို လေ့လာထားရသည်။ သို့မဟုတ် ကောင်းစွာတတ်မြောက်ထားရသည်။ ဤသို့သော အမျိုးသမီးများကို နန်းပြိုင်ဘုရင်များ၊ မင်းညီမင်းသားများနှင့် မြင့်မြတ်သော သူကောင်းမျိုးများက လိုချင်တပ်မက်ကြသဖြင့် သူမတို့သည် ပြဿနာ၏ အဓိကသော့ချက်ဖြစ်လာကာ စစ်ပွဲများအထိပင် ဖြစ်စေနိုင်ပေသည်။ ဘုရင်က ဆိုဘီနီ (ပြည့်တန်ဆာ) ဘွဲ့အပ်နှင်းခြင်းဖြင့် သူမကို မည်သူ တစ်ဦးတစ်ယောက်မှ အတိအကျ မပိုင်ဆိုင်ရတော့ပေါ၊ သို့သော် ဈေးနှုန်းမြင့်မားသော သူမ၏ ဖြေဖျော်ခကို ပေးဆောင်နိုင်သူတို့နှင့် ပျော်ပါးရသည်။ ဆိုဘီနီ ပြည့်တန်ဆာတစ်ဦးသည် ဗာရာဏသီ မြို့ကြီး၏ တဝက်ခန့် အဖိုးထိုက်တန်ခဲ့ဖူးသည်။ တွေ့ရှိမှုများအရ ထိုအမျိုးသမီးများသည် အထက်တန်းလွှာများကြားတွင် ကူးလူးဆက်ဆံနေရသဖြင့် သူတို့၏ လူနေမှု အဆင့်အတန်းများလည်း အတန်အသင့် မြင့်မားခဲ့သည်။ သာမန်လူများအတွက် ဆောင်ရွက်ပေးကြရသည့် အခြားအလွှာမှ ပြည့်တန်ဆာများကို ဂန္ဒီကာ (Ganika) ဟုခေါ်ကာ ‘အမျိုးသမီးများ လူမှုအသိုင်းအဝိုင်း’ဟု ရိုးရှင်းစွာ အဓိပ္ပါယ်ရသည်။ အစောပိုင်း ဗုဒ္ဓကျမ်းဂန်များတွင် ဂန္ဒီကာများ၏ အကြောင်း ပါရှိသော်လည်း ဆိုဘီနီတို့၏ အကြောင်းကို အဓိကဖော်ပြထားကြသည်။

ရှေးဟောင်း ဗုဒ္ဓဘာသာ စာပေများ၌ ပြည့်တန်ဆာများအပေါ် အဆိုးမြင်သော သဘောထားများ ထင်ဟပ်ဖော်ပြထားသည်ကို မတွေ့ရပေ။ ဗုဒ္ဓကိုယ်တိုင် ထိုအမျိုးသမီးများအား ကြိုဆိုလက်ခံကာ ကျားမ၊ ဇာတ်နိမ့်၊ ဇာတ်မြင့် (သို့မဟုတ်) အယူဝါဒ မခွဲခြားဘဲ အခြားသူများနှင့် တန်းတူပင် နိဗ္ဗာန်ကို မျက်မှောက် ပြုရာလမ်းကို လျှောက်လှမ်းခွင့်ပေးခဲ့သည်။

အမ္ဗပါလီသည် ဝေသာလီပြည်မှ ဆိုဘီနီခေါ် ပြည့်တန်ဆာဖြစ်သည်။ ကလေးဘဝက သရက်ပင်အောက်တွင် စွန့်ပစ်ခြင်းကို ခံခဲ့ရသောကြောင့် သူမ၏အမည်မှာ ‘သရက်ပင်အောက်မှ မိန်းကလေး’ဟု အဓိပ္ပါယ်ရှိသည်။ အမ္ဗပါလီကို ဥယျာဉ်မှူးတစ်ဦးက တွေ့ရှိ၍ ဝေသာလီဘုရင်ထံသို့ ယူဆောင်သွားခဲ့ကာ နန်းတွင်း၌ မွေးမြူစောင့်ရှောက်ထားခဲ့သည်။ ခုဒ္ဒက နိကာယ် (Kguddha Nikaya) တွင် အမ္ဗပါလီ၏ အလှကို ‘သူမ၏ ဆံကေသာသည် ပိတုံးရောင်ကဲ့သို့ မဲနက်တောက်ပနေကာ မျက်ခုံးများက အတော်ဆုံး ပန်းချီကျော် ရေးဆွဲထားသကဲ့သို့ လှပလေသည်။ ခြေတံများက ဆင်စွယ်များလို ချောမွေ့ပြီး ခြေချောင်းလေးများက ဝါဂွမ်းဆိုင်များ နူးညံ့သလို နူးညံ့လှပေသည်’ ဟု ဖော်ကြူးထားသည်။ အမ္ဗပါလီ၏ တစ်ညတာ အခငွေမှာ အသပြာ (Kahapanas)  ၅ဝ ကျော်ရှိပြီး သူမသည် အထက်တန်းလွှာမှ အမျိုးကောင်းသားများကို ညှို့ယူဖမ်းစား၍ နှစ်သက်ကျေနပ်စေသည့် အတတ်ပညာမျိုး ၆၄ သွယ်ကို တတ်မြောက်သည်ဟု မဟာဝဂ္ဂ၏ (Maha Vagga) ကျမ်းတွင် ဆက်လက် ဖော်ပြထားပါသည်။ များစွာသော ဝေသာလီ မင်းညီမင်းသားများနှင့် ဘုရင်တို့သည် အမ္ဗပါလီကို ရယူပိုင်ဆိုင်ခဲ့ကြသည်။ သူမနှင့်ပတ်သက်၍ အငြင်းအခုံများ ဖြစ်ခဲ့ကြရပြီး ယင်းကို မဖြေရှင်းနိုင်သောအခါ အမ္ဗပါလီကို ဆိုဘီနီခေါ် ပြည့်တန်ဆာဘွဲ့ကို အပ်နှင်းခဲ့ကြသည်။ အမ္ဗပါလီက သတ်မှတ်ထားသော အဖိုးအခကို လက်ခံ၍ ၄င်းတို့အား ဖြေဖျော်မှု ပြုရသည်။ နောက်ပိုင်းတွင် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရက သူမကို ကြင်ယာတော်အဖြစ် ဆောင်ယူခဲ့ကာ နောင်တွင် သားတစ်ယောက် ဖွားမြင်ခဲ့သည်။ သူတို့သားငယ်ဖြစ်သော ဝိမလကုန္ဒနသည် ရဟန်းဘောင်သို့ ဝင်ရောက်ပြီးလျှင် ရဟန္တာဖြစ်လာခဲ့သည်။

အမ္ဗလာပါလီ ထေရီယ ပတ္တရတွင် သူမ၏ အတိတ်ဘဝ ဇာတ်ကြောင်းများကို ပြန်လည်ဖော်ပြထားသည်။ တချိန်က အမ္ဗလာပါလီသည် ခတ္တိယ အမျိုးဇာတ်တွင် မွေးဖွားခဲ့၍ အရှင်ပုစ္ဆာမုနိ၏ နှမငယ်ဖြစ်ခဲ့ဖူးသည်။ သူမသည် တရားတော်ကို လိုက်နာကျင့်ကြံ၍ ကုသိုလ်ကောင်းမှုပြုကာ နောက်ဘဝတွင် အဆင်းအင်္ဂါလှပစေရန် ဆုတောင်းခဲ့သည်။ နောက်ဘဝတွင် သူမသည် ဗြဟ္မဏအမျိုးတွင် မွေးဖွားလာခဲ့ပြီး တောင်းသောဆုနှင့် ပြည့်ဝခဲ့လေသည်။ သို့ရာတွင် အဆင်းလှပမှုအပေါ် မာန်တက်ကာ ဘိက္ခု (ရဟန်းမ) တစ်ပါးကို ဆဲရေးတိုင်းထွာ စော်ကားခဲ့သည်။ ထိုအပြုအမူကြောင့် သူမသည် ဘဝပေါင်းများစွာ ဆင်းရဲဒုက္ခခံစားရပြီး ပြည့်တန်ဆာ အကြိမ်ကြိမ် ဖြစ်ခဲ့ရသည်။ ကဿပ ဘုရားရှင် လက်ထက်တွင် သူမသည် ရဟန်းပြု၍ ဘိက္ခူနီ ဖြစ်လာခဲ့သည်။ ယင်း၏နောက်ပိုင်း တာဝတိံသာ နတ်ပြည်တွင် ခံစားရပြီး ဂေါတမ ဗုဒ္ဓ ဘုရားရှင်၏ လက်ထက်အခါတွင် နောက်ဆုံးဘဝအဖြစ် ဖွားမြင်၍ ပြည့်တန်ဆာ ဖြစ်ခဲ့ရပြန်သည်။

‘မဟာပရိနဗ္ဗာရသုတ္တံ’တွင် ဗုဒ္ဓဘုရားရှင်သည် အမ္ဗပါလီ၏ သရက်တော ဥယျာဉ်တွင် ရပ်တန့်အနားယူခဲ့သည့် အချိန်က အဖြစ်ကို ကြားနာခဲ့ကြရသည်။ အမ္ဗပါလီသည် ဗုဒ္ဓဘုရားရှင်ကို အရိုအသေပြုကာ ဗုဒ္ဓနှင့် နောက်ပါ သံဃာတော်များကို  နောက်ရက်အတွက် ဆွမ်းပင့်ဖိတ်ကြားခဲ့သည်။ လစ္ဆဝီမင်းသား တစ်စုကလည်း ထိုနေ့တွင်ပင် ဗုဒ္ဓကို ဆွမ်းလုပ်ကျွေးလို၍ အမ္ဗပါလီကို အဿပြာငွေ (Kahapanas) တစ်သိန်းပေး၍ သူမ၏ ဆွမ်းပင့်ဖိတ်ကြားမှုကို ရုတ်သိမ်းစေခဲ့သည်။ အမ္ဗပါလီက လက်မခံသဖြင့် လစ္ဆ၀ီမင်းသားများသည် ဗုဒ္ဓထံတော်သို့ တိုက်ရိုက်ချဉ်းကပ်ကာ ဆွမ်းဖိတ်ကြားသော်လည်း ဗုဒ္ဓက အမ္ဗပါလီ၏ ပင့်ဖိတ်မှုကို လက်ခံပြီးကြောင်း အသိပေး တုန့်ပြန်ခဲ့သည်။ နောက်တစ်ရက်၌ ဆွမ်းစား ကြွလာည့်အခါ အမ္ဗပါလီက သူမ၏ သရက်တော ဥယျာဉ်ကို ဗုဒ္ဓနှင့် နောက်ပါ သံဃာတော်များအား လှူဒါန်းခဲ့သည်။ ထိုနောက်တွင် သူမပိုင် ပစ္စည်း ဥစ္စာများနှင့် ပြည့်တန်ဆာဘဝဟောင်းကို စွန့်ပစ်ကာ ဘိက္ခူနီဘဝကို ခံယူပြီးလျှင် ဗုဒ္ဓတရားတော်များကို အပတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့သဖြင့် ရဟန္တာအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ နှစ်ပေါင်းများစွာ ဗုဒ္ဓ၏ တရားတော်များကို ဟောကြားပြသခဲ့သည်။

ဝေသာလီပြည်ရှိ အခြားထင်ရှားသော ဆိုဘီနီ (ပြည့်တန်ဆာ) တစ်ဦးမှာ သလ္လာဝတီဖြစ်သည်။ သလ္လာဝတီသည် ရုပ်ဆင်းအင်္ဂါလှပပြီး သီဆိုကခုန်ခြင်းနှင့် ယောက်ျားသားတို့အား ဖြေဖျော်ရသည့် အတတ်ပညာများကို ကောင်းစွာ လေ့ကျင့်ထားသူဖြစ်သည်။ သူမနှင့် တစ်ညတာ ပေါင်းဖက်ရသည့် အနိမ့်ဆုံး အခငွေမှာ အသပြာ ၁ဝဝ ဖြစ်လေသည်။ သလ္လာဝတီ၏ ပထမသားဦးမှာ ဇီဝကဖြစ်သည်။ ဇီဝကကို ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရ၏သား အဘယရာဇာ မင်းသားက မွေးမြူစောင့်ရှောက်ခဲ့ပြီး နောက်တွင် တက္ကသီလာတွင် ဆေးအတတ်သင်ယူကာ ဗုဒ္ဓဘုရားရှင်နှင့် သံဃာတော်အပေါင်း၏ သမားတော်ကြီး ဖြစ်လာခဲ့သည်။

သလ္လာဝတီ၏ ဒုတိယကလေးမှာ သီရိမာ ဖြစ်သည်။ သီရိမာသည် လှပပြီး စွမ်းရည်ရှိ၍ သူမမိခင်နောက်တွင် ပြည့်တန်ဆာဘွဲ့ကို ခံယူရသည်။ သီရိမာသည် ဘာသာတရား ကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ကာ နေ့စဉ် သံဃာတော် ၈ ပါးကို ဆွမ်းလုပ်ကျွေး ပြုစုခဲ့သည်။ ပျိုရွယ်သော ရဟန်းတစ်ပါးသည် သူမ၏အလှကို ကြားသိရကာ တွေ့မြင်လိုသဖြင့် သူမအိမ်သို့ ဆွမ်းအလှူခံ ကြွရောက်လာသည်။ ထိုနေ့တွင် သီရိမာသည် နာမကျန်းဖြစ်၍ ဆင်တန်ဆာ မပြင်ဆင်နိုင်ပဲ နေ့စဉ်ဆွမ်းလှူဒါန်းမှုကို ပြုခဲ့သည်၊ ရဟန်းငယ်၏ စိတ်တွင် မဆင်ယင်ပဲနှင့် ဤမျှလှပလျှင် ကောင်းမွန်စွာ ခြယ်သထားပါက မည်မျှ လှပပေမည်နည်းဟု တွေးကာ သီရိမာအပေါ် စွဲလမ်းတပ်မက်လာသည်။

ယင်းနောက် မကြာမီ သီရိမာ ကွယ်လွန်သွားခဲ့သည်။ ဗုဒ္ဓက သီရိမာ ရုပ်အလောင်းကို (၄) ရက်ခန့်မျှထားရန် ပန်ကြားခဲ့ပြီး (၄) ရက်မြောက်သော နေ့တွင် သီရိမာအပေါ် စွဲလမ်းနေသော ရဟန်းနှင့် နောက်သံဃာများ မီးသဂြိုလ်မည့် အခမ်းအနားသို့ ကြွရောက်ခဲ့သည်။ ဗုဒ္ဓက သီရိမာ၏ ရုပ်ခန္ဓာကို အသပြာ တစ်ထောင်နှင့် စတင်ကမ်းလှမ်းပြီး နောက်ဆုံးတွင် အသပြာငွေ တစ်ပြားနှင့်ပင် ယူလိုသူမရှိခဲ့ချေ။ ထိုအခါတွင်မှ ဗုဒ္ဓက ရုပ်ခန္ဓာကိုယ်၏ မတည်မြဲသော တရားကို ရှင်းလင်း ဟောကြားတော်မူရာ တရားတော်၏ နက်ရှိုင်းမှုကြောင့် သီရိမာအပေါ် စွဲလမ်းနေသော ရဟန်းငယ်သည် အကျွတ်တရား ရခဲ့ပေသည်။

ကျမ်းဂန်စာပေများတွင် ပြည့်တန်ဆာဖြစ်ရခြင်း အကြောင်းကို မည်သို့ ရှင်းလင်းတင်ပြခဲ့ပါသနည်း။ ကျမတို့သည် အမ္ဗပါလီ၏ ထေရီယပတ္တန (ဘဝ ဇာတ်ကြောင်း) တွင် ယခင်ဘဝဟောင်းနှင့် မည်သို့ ဆက်နွယ်နေသည်ကို တွေ့ကြရပြီးဖြစ်သည်။ အတိတ်ဘဝကံကြောင့် ပြည့်တန်ဆာဖြစ်လာရသော အဒ္ဒကာသီ (Addhakasi) ၏ ဘဝဇာတ်ကြောင်းကို ပြန်ကြည့်ပါ။ သူမသည် ကဿပဘုရားလက်ထက်တွင် ဘိက္ခူနီမ ဖြစ်ခဲ့သည်။ သီတင်းသုံးဖေါ် ဘိက္ခူနီတစ်ဦးကို ပြည့်တန်ဆာမဟု ဒေါသနှင့် ဆဲဆိုခဲ့သဖြင့် ဘဝများစွာ ဒုက္ခဆင်းရဲ ခံခဲ့ရသည်။ နောက်ဆုံးဘဝတွင် ချမ်းသာသော မိသားစုတွင် မွေးဖွားကြီးပြင်း လာခဲ့ရသော်လည်း သူမ၏ လှပသော အဆင်းကြောင့် ဆိုဘီနီ ပြည့်တန်ဆာဘွဲ့ကို နှင်းအပ်ခံခဲ့ရသည်။ အဒ္ဒကာသီသည် ဗုဒ္ဓ၏ တရားတော်ကို နာကြားရပြီးနောက် ရဟန်းပြုခဲ့သည်။ သူမသည် ရဟန်းခံရန်အတွက် ဗာရာဏသီမှ သာဝတ္တိသို့ လာရောက်ရမည်ဖြစ်ကာ လမ်းခရီး၌ လူဆိုးသူခိုးများက ပြန်ပေးဆွဲဖို့ရန် ကြံစည်နေကြသည်။ ထိုအကြောင်းကို ဗုဒ္ဓက သိရှိခဲ့သဖြင့် တမန်စေလွှတ်၍ ရဟန်းခံခြင်းကို ပထမဆုံးအနေနှင့် ခွင့်ပြုခဲ့သည်။ အဒ္ဒကာသီသည် မကြာမီ ရဟန္တာဖြစ်ကာ သူမ၏ ကိုယ်တွေ့အဖြစ်များနှင့် ယှဉ်၍ ဗုဒ္ဓ၏ တရားတော်များကို ဟောပြောခဲ့သည်။

‘ထေရီဂါထာ’ (ဗုဒ္ဓဘာသာဝင် ရဟန္တာ ညီအစ်မတော်များ အကြောင်း) တွင် ဝိမလမူရာ လာဂနိက (Vimala purana Ganika) ၏ ဖြစ်စဉ်ကို ဖော်ပြထားသည်။ သူမသည် အဆင်းလှသည့် ဆိုဘီနီ ပြည့်တန်ဆာဖြစ်ကာ နောင်တွင် သာသနာဘောင်သို့ ဝင်ခဲ့ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့သည်။ (ထေရီဂါထာကျမ်းတွင်) သံယောဇဉ်၏ နှောင်ဖွဲ့ခြင်းသဘောကို ကောင်းစွာ သိမြင်သည့် သူမ၏ ဂါထာများကို ထည့်သွင်းဖော်ပြထားသည်။

လက်ရှိလောကအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများ ပြဿနာများကို စောင်းငဲ့မကြည့်မီ ပြည့်တန်ဆာလုပ်ငန်းအပေါ် ထားရှိသော ဗုဒ္ဓဘာသာ၏ သဘောကို ဆန်းစစ်ခြင်းက အကျိုးရှိနိုင်ပေသည်။ အခြေခံအားဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားကို ကျင့်ကြံအားထုတ်ရာတွင် ပြည့်တန်ဆာများ၏ တန်းတူသော အခွင့်အလမ်းကို ဗုဒ္ဓဘာသာက ငြင်းပယ်ထားခြင်းမရှိပါ။ အချို့ ရှေ့တန်းရောက်ခဲ့သည့် ပြည့်တန်ဆာများသည် ပြည့်တန်ဆာဖြစ်ရ၍ အလိုရမ္မက်အပေါ် အလွန်အမင်း လိုက်လျောပေးရသော အတွေ့အကြုံနှင့် ယင်းတို့၏ အနှစ်သာရ ကင်းမဲ့ပုံကို နားလည်ခဲ့သဖြင့် တရားကျင့်ကြံ အားထုတ်ရာတွင် လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။

သို့သော် ဗုဒ္ဓလက်ထက်က ပြည့်တန်ဆာဘဝနှင့် လက်ရှိလူ့အဖွဲ့အစည်းတွင် ယေဘူယျ တည်ရှိနေသော ပြည့်တန်ဆာဘဝသည် များစွာကွာခြားလေသည်။ ယခင်က ပြည့်တန်ဆာလုပ်ငန်းသည် အထက်တန်းလွှာ လူ့အဖွဲ့အစည်း၏ အသက်မွေးမှု ဖြစ်ခဲ့သည်။ ပြည့်တန်ဆာများသည် အထက်တန်းလွှာတို့ကြားတွင် ကျင်လည်ခဲ့ပြီး သူတို့၏ လူနေမှုဘဝမှာလည်း အထိုက်အလျောက် မြင့်မားခဲ့သည်။ သို့ရာတွင် ယခင်မှ ယနေ့ထက်တိုင် တည်ရှိလာနေသော ပြည့်တန်ဆာလုပ်ငန်းသည် ယောက်ျားသားတို့၏ အလိုရမ္မက်အပေါ်တွင် မူတည်နေသည်။ အမျိုးသမီးတစ်ဦးကို ကာမပိုင်ဖြစ်မှုနှင့် ပတ်သက်၍ သူတို့၏ အတွင်းတွင်  သဘောထား ကွဲလွဲလာသောအခါ သူမကို အများပိုင်ဖြစ်စေခဲ့သည်။ ထိုအမျိုးသမီးကို တစ်ဦးတစ်ယောက်တည်းက မပိုင်ဆိုင်ပဲ အားလုံးက ပိုင်ဆိုင်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု ထုံးစံများတွင် တွေ့ရသကဲ့သို့ အမျိုးသမီးများမှာ အမျိုးသားက ပိုင်ဆိုင်သည့် အသုံးအဆောင် ပစ္စည်းပမာ ပြုမူဆက်ဆံ ခံနေကြရသည်။ အမျိုးသမီးတစ်ဦး၏ ကံကြမ္မာကို ယောက်ျားများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဘာသာရေးဆိုင်ရာ သြဇာအာဏာဖြင့် ဆုံးဖြတ်ခဲ့ကြသည်။ ယနေ့ခေတ် အမျိုးသမီးများသည် အကျပ်အတည်းများကို ရင်ဆိုင်နေရဆဲဖြစ်ပေသည်။

ဗုဒ္ဓဘာသာသည် ပြည့်တန်ဆာများက လူသားအားလုံးအပေါ် မျှဝေပေးနိုင်သည့် ဝိဥာဉ်ရေးရာ (ဘာသာရေးဆိုင်ရာ) စွမ်းရည်ကို ငြင်းပယ်မထားပေ။ သို့ရာတွင် ပြည့်တန်ဆာလုပ်ငန်းကို မြှင့်တင်ပေးမှု (သို့မဟုတ်) အားပေးအားမြှောက် ပြုမှုလည်းမရှိပေ။ ယင်းအစား ပြည့်တန်ဆာဖြစ်ခြင်းကို တည်ရှိနေသော ဆင်းရဲဒုက္ခများ၏ လက္ခဏာတစ်ရပ်အဖြစ် တင်ပြထားသည်။ ဗုဒ္ဓစာပေများတွင် ပြည့်တန်ဆာဖြစ်မှုကို ဆင်းရဲဒုက္ခ၏ လက္ခဏာတစ်ရပ်အဖြစ် ဖော်ပြထားသည်ကို တွေ့ကြရသည်။

ဗုဒ္ဓဝါဒကို လက်ခံပြီးသည့် နောက်တွင် စင်ကြယ်သောဘဝကို လျှောက်လှမ်း၍ ပြည့်တန်ဆာဘဝကို စွန့်လွှတ်လိုက်သည့် အဖြစ်များ ရှိခဲ့သည်။ ဗုဒ္ဓဘာသာသည် ပြည့်တန်ဆာများအတွက် လမ်းဖွင့်ပေးထားသော်လည်း ပြည့်တန်ဆာလုပ်ငန်းကို ထောက်ခံအားပေးမှု မရှိပေ။ ပြည့်တန်ဆာဘဝကို စွန့်ပစ်၍ ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ဦးတည်နိုင်ရန် အတွက် အမျိုးသမီးများကို ဗုဒ္ဓဝါဒက ကူညီအားပေးနေသည်။

ဗုဒ္ဓဘာသာနှင့် ပြည့်တန်ဆာလုပ်ငန်း

ပြည့်တန်ဆာလုပ်ငန်းနှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဗုဒ္ဓဘာသာ၏ သင်ကြားမှုများသည် ထိရောက်သော နည်းလမ်းများ ဖြစ်နိုင်ပါသည်။ ကျမတို့အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းဖြစ်စဉ်နှင့် ရိုးရာဓလေ့များသည် ဥပမာတစ်ခုအဖြစ် ရှိနေပေသည်။ ဗုဒ္ဓလက်ထက်က ထင်ရှားသော ပြည့်တန်ဆာများသည် ဓမ္မတရားတော်မှ အကျိုးကျေးဇူးများ ရခဲ့ကြပြီးနောက် သူတို့၏ ဗုဒ္ဓဝါဒအပေါ် နားလည် လက်ခံမှုက ပြည့်တန်ဆာဘဝကို စွန့်လွှတ်စေခဲ့သည်၊ အချို့သည် ဘိက္ခူနီ (ရဟန်းမ) များအဖြစ်နှင့် သာသနာ့ဘောင်သို့ ဝင်ခဲ့ကြကာ တရားထူးများ ရရှိခဲ့ကြသည်။ အချို့မှာ ရဟန္တာများ ဖြစ်ခဲ့ကြပြီး ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ခိုင်မာသော အင်အားစု များဖြစ်လာခဲ့ကြသည်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓ (ဘုရား)၊ ဓမ္မ(တရား)၊ သံဃာ (ရဟန်း) တို့ကို ကိုးကွယ်ဆည်းကပ် ကြရသည်။ ထိုရတနာသုံးပါးကို (ဘုရား၊ တရား၊ သံဃာ) က ပြည့်တန်ဆာများကို ခိုလှုံခွင့်ပေးပါသလား။ ဗုဒ္ဓသည် သူ၏ ဘဝတွင် ပြည့်တန်ဆာများအပေါ် အကောင်းမြင်စိတ်ထား၍ လက်ခံခြင်းဖြင့် စံနမူနာ ပြသခဲ့သည်။ ပြည့်တန်ဆာများကို တိုက်ရိုက်ချည်းကပ်၍ ဟောပြော ဆုံးမမှုများလည်း အခါခါပြုခဲ့သည်၊ ဗုဒ္ဓနှင့် နောက်ပါသံဃာတို့သည် ပြည့်တန်ဆာတို့ လှူဒါန်းသော ဒါနကို လက်ခံခြင်းဖြင့်လည်း တိုက်ရိုက်အကျိုးရခဲ့ကြသည်။

ဗုဒ္ဓသည် သတ္တဝါအပေါင်းအား သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်စေရေးအတွက် ကူညီရန် တာဝန်ရှိသည်ဟု ခံယူထားသည်။ ပြည့်တန်ဆာများ ဗုဒ္ဓထံတော်သို့ လာရောက် ခိုလှုံကြသောအခါ အခြား ဒုက္ခခံစားနေရသူများ၊ သတ္တဝါများ နည်းတူပင် ပြုမူဆက်ဆံခဲ့သည်။ ကျမတို့ သမိုင်း အစဉ်အလာရှိသော ဗုဒ္ဓဘုရားသည် ပရိနိဗ္ဗာန် ခံဝင်ခဲ့ရသော်လည်း ဗုဒ္ဓ၏ တရားတော်များက ဗုဒ္ဓ၏ စံနမူနာများအတိုင်း (လိုက်ကျင့်ကြံရန်) ကျမတို့ကို တွန်းအားပေးနေသည်။ ဗုဒ္ဓ၏ ဟောပြောပြသမှုများသည် ပြည့်တန်ဆာများနှင့် တိုက်ရိုက် ဆက်နွယ်နေသည်။ ထိုတရားတော်များသည် အမျိုးသမီးများကို ပြည့်တန်ဆာဘဝမှ လွတ်မြောက်ရန်သာမက ဘာသာရေးပိုင်းမှ အမျိုးသမီးများကို ပြည့်တန်ဆာဘဝမှ လွတ်မြောက်ရန်အတွက်ပါ ကြီးမားသည့် အထောက်အကူများ ဖြစ်စေနိုင်ပါသည်။

လူသားများ အားလုံးသည် ဘာသာရေးအရ (ဝိဥာဉ်ရေးအရ) တူညီသော လက်ခံနိုင်မှု ရှိသည်ဟူသော ခံယူမှုဖြင့် ဗုဒ္ဓသည် မိထွေးတော် ဂေါတမီ (မဟာပဇာ ပတိဂေါတမီ) အား သာသနာဘောင်သို့ လာခြင်းကို လက်ခံခဲ့သည်။ ဤအဖြစ်အပျက်သည် ကမ္ဘာ့ဘာသာရေးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်နှင့် အမျိုးသား ဘာသာရေး ဦးဆောင်သူတစ်ဦးက အမျိုးသမီးများ၏ ဝိဥာဉ်ရေးစွမ်းရည် (ဘာသာတရားဆိုင်ရာ လက်ခံနိုင်မှုစွမ်းရည်) ကို ရှင်းရှင်းလင်းလင်းနှင့် အကြွင်းမဲ့ အသိအမှတ် ပြုလိုက်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ဤသို့ အသိအမှတ်ပြုထားမှု၏ အရေးကြီးပုံကို နားလည်ရမည့်အပြင် ကောင်းစွာ အသုံးပြုကြရမည် ဖြစ်သည်။  ဘာသာရေးဆိုင်ရာ တန်းတူညီမျှမှုမှာ နိဗ္ဗာန်သို့ မျက်မှောက်ပြုရာ လမ်းခရီးသည် လူသားအားလုံးအတွက် မည်သည့် ချွင်းချက်များမှ မထားပဲ ဖွင့်လှစ်ထားသည်ဟူ၍ အဓိပ္ပာယ် ရပေသည်။

ဗုဒ္ဓဟောကြားခဲ့သော ပထမဆုံး သစ္စာတရားမှာ ဘဝသည် ဆင်းရဲခြင်းဖြစ်သည်ဆိုသော ဒုက္ခသစ္စာ ဖြစ်သည်။ လူတစ်ဦး၏ လူမှုရေးဆိုင်ရာ အခန်းကဏ္ဍ (သို့မဟုတ်) အဆင့်အတန်းသည် မည်သို့ပင် ဖြစ်ပါစေ သူ၏ တွေ့ကြုံရမှုများသည် ဆင်းရဲခြင်း (ဒုက္ခ) သာဖြစ်သည်။ ယင်းကိုပင် နားလည်သိမြင်၍ လွတ်မြောက်ရာလမ်းကို ရှာဖွေမှသာ ဗုဒ္ဓဘာသာ၏ တရားသည် အဓိပ္ပါယ်ရှိလာသည်။ အကယ်၍ ပြည့်တန်ဆာတစ်ဦးသည် သူမ၏ ကိုယ်တွေ့ကြုံနေရသော ဆင်းရဲခြင်းနှင့် ဒုက္ခများကို စတင်သိမြင်လာပြီးလျှင် ဗုဒ္ဓညွှန်ပြထားသော လမ်းအတိုင်း လိုက်နာခြင်းအားဖြင့် သူမ၏ ကံကြမ္မာ တိုးတက်မှုကို ရှာကြံနိုင်ပေသည်။

ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံး ရည်မှန်းချက်ဖြစ်သော နိဗ္ဗာန်ကို လူတိုင်း ရရှိနိုင်ပါသည်။ ရုပ်ခန္ဓာ၏ စင်ကြယ်ခြင်း (သို့မဟုတ်) မစင်ကြယ်ခြင်းသည် လူတစ်ဦးတစ်ယောက်ကို ဤအမြင့်မားဆုံး သစ္စာတရားအပေါ် နားလည်ခြင်းမှ တားဆီးမရနိုင်ပေ။ ပြည့်တန်ဆာများအပေါ် လူ့ဘောင်အဖွဲ့အစည်းများက ပြစ်တင်ရှုတ်ချမှုများ ရှိနေသော်လည်း ၄င်းသံသရာမှ လွတ်မြောက်ရာလမ်း (ဘာသာရေးတရား အားထုတ်မှုတို့) တွင် သူတို့၏ အတွေ့အကြုံများကို အကျိုးရှိရှိ အသုံးချနိုင်ပါသည်။ ဗုဒ္ဓလက်ထက် ပြည့်တန်ဆာတို့သည် ဧည့်သည်များအပေါ် အလွန်အမင်း လိုက်လျောရပြီး အောက်ကျသော အဖြစ်များ တွေ့ကြုံရခြင်းနှင့် ယင်း၏ အလုံးစုံ အဓိပ္ပါယ်ကင်းမဲ့မှုကို သဘော ပေါက်လာသောကြောင့် ဘာသာရေးနယ်ပယ်သို့ လုံးဝကူးပြောင်းသွားသော အဖြစ်အပျက်များ ရှိခဲ့သည်။

(လက္ခဏာရေး တရားသုံးပါး (Trilaksana, ဘဝတည်ရှိရသော ပုံစံသုံးမျိုး)၊ ဒုက္ခ (ဆင်းရဲခြင်း)၊ အနိစ္စ (မတည်မြဲခြင်း)၊ အနတ္တ (အစိုးမရခြင်း/ငါမဟုတ်) စသည်တို့နှင့် ပတ်သက်သော ဟောကြားမှုသည် အထူး အဖိုးတန်ပါသည်။ လောကအတွင်းရှိ မြင်တွေ့နေကြရသော အရာတိုင်းသည် ဤလက္ခဏာ (၃)ရပ်ကို ထင်ရှားစေပါသည်။ တည်မြဲမှုမရှိခြင်း၏ သဘာဝသည် အထူးသဖြင့် ပြည့်တန်ဆာနှင့် ပတ်သက်နေသည်။ သူတို့၏ အသက်မွေးမှုသည် ပျိုရွယ်မှုနှင့် ရုပ်အဆင်း လှပမှုအပေါ်တွင် တည်မှီနေကာ ယင်းတို့သည် အခိုက်အတန့်မျှသာ ဖြစ်လေသည်။ ရုပ်ဆင်းအင်္ဂါ လှပမှုနှင့် ကာမဂုဏ်တရားများသည် တည်မြဲမှု မရှိပဲ ဆင်းရဲဒုက္ခများဆီသို့သာ ဦးတည်နေကြောင်းကို ပြည့်တန်ဆာများအား နားလည်လက်ခံစေရန် ဗုဒ္ဓတရားတော်က အထောက်အကူ ပြုနေနိုင်သည်။ သို့ရာတွင် (ဗုဒ္ဓဘာသာဆိုင်ရာ သံဃာအဖွဲ့အစည်းများတွင်) ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်များ အမြဲတစေ ပြည့်စုံစွာ ရောင်ပြန်ဟပ်မနေပါ။ ထိုင်းလူမှုအဖွဲ့အစည်းမှ ပြည့်တန်ဆာများနှင့် သာမန်အမျိုးသမီးများအား အဆိုးဖက်ရန် ရှုမြင်နေသော သဘောထားများ ရှိနေသည်။ သံဃာ (Sangha) ဆိုသည်မှာ ထုံးတမ်း အစဉ်အလာအရ ဘုန်းကြီး၊ ရဟန်းများနှင့် သီလရှင် အသိုင်းအဝိုင်းကို ခေါ်သည်။ လေးပါး (သို့မဟုတ်) ထိုထက်ပိုသော ရဟန်းတော်များနှင့် သီလရှင် အစုအဖွဲ့ကို သံဃာဟူ၍ မှတ်ယူကြသည်။ အနောက်နိုင်ငံများတွင် သံဃာဟူသော ဝေါဟာရ၌ သာမန် ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းပါ အကြုံးဝင်လေသည်။ ထေရဝါဒ ဗုဒ္ဓဘာသာအစဉ်အလာတွင် သံဃာဆိုသည်မှာ သိမ်ဝင် ရဟန်း ခံထားသူကိုသာ ဆိုလိုသည်။ ထိုင်းနိုင်ငံတွင် ‘သံဃာ’ဟူသည်မှာ ရဟန်းတော်များ၏ လူမှုအဖွဲ့အစည်းကို ဆိုလိုပြီး သီလရှင်များအား တရားဝင် အသိအမှတ် ပြုထားခြင်း မရှိချေ။

ကျမတို့သည် ထိုင်းနိုင်ငံ သံဃာ အဖွဲ့အစည်း၏ သဘာဝကို ရှင်းလင်းစွာ နားလည် သဘောပေါက်ရန် လိုအပ်ပါသည်။ သာသနာ့ဘောင်သို့ ဝင်၍ အမျိုးသားများအတွက် လိုအပ်ချက်မှာ အနည်းဆုံးဖြစ်သည်။ အိမ်မဲ့ယာမဲ့ ယောက်ျားတစ်ယောက်သည် လုံးဝမျက်စိမမြင်သူ၊ အလွန်အမင်း ကိုယ်လက်အင်္ဂါ ချို့ယွင်းချက်ရှိသူ (သို့မဟုတ်) သိသာစွာ ရူးသွပ်နေသူ မဟုတ်လျှင် ရဟန်းပြုနိုင်ပေသည်။ ပညာရေးဆိုင်ရာ အဆင့်အတန်း မလိုအပ်ပါ။ ထိုင်းရဟန်းတော် အများစုသည် မသင်မနေရ ပညာရေးစနစ်အရ (၄) နှစ်ခန့်သာ ပညာသင်ကြားခဲ့ကြသည်။ (ခရစ်ယာန်ဘာသာဝင်တို့၏ အစဉ်အလာနှင့် မတူညီပဲ) ဗုဒ္ဓဘာသာဝင် အမျိုးသားတို့သည် ဦးစွာရဟန်းဖြစ်ပြီးမှ ဗုဒ္ဓဘာသာတရားကို လေ့လာကြသည်။ ရဟန်းတော်အများစုသည် ပုံမှန်ဗုဒ္ဓဘာသာ ပညာရေးကို ဆက်လက်၍ မလိုက်စားကြချေ။ ရဟန်းတော်အများစုမှာ အဝါရောင်သင်္ကန်း ဝတ်ဆင်ထားကြသည့် ပညာမတတ်သော သာမန်လယ်သမားဖြစ်ကြသည်။

ဤအချက်များသည် ရဟန်းသံဃာများအပေါ်၌ လူမှုရေးအရများစွာ သက်ရောက်မှုမရှိချေ။ သို့သော် ထိုင်းလူ့အဖွဲ့အစည်းသည် သံဃာတော်များကို အလွန်အမင်း လေးမြတ်ပူဇော်ကြပြီး ဗုဒ္ဓကို တိုက်ရိုက် ကိုယ်စားပြုနေကြသူများ အဖြစ် ရှုမြင်ကြသည်။ ယင်းမှာ ထိုင်းနိုင်ငံတွင် ပကတိ တည်ရှိနေသော ကြောင့်ပင်ဖြစ်သည်။ ရဟန်းတော်များအပေါ် မကောင်းပြောခြင်း၊ မြင်ခြင်းတို့သည် ကုသိုလ်ကောင်းမှုများ ကွယ်ပျောက်၍ ကြမ္မာဆိုးများ ဖြစ်လာနိုင်သည်ကို ယုံကြည်ကြသဖြင့် ရဟန်းသံဃာများက အကောင်းကို လုပ်သည်ဖြစ်စေ၊ အဆိုးကို လုပ်သည်ဖြစ်စေ သာမန်ပြည်သူများသည် ဝင်ရောက် စွက်ဖက်လိုစိတ် မရှိကြပေ။ ပတ်ဝန်းကျင်တွင် ပြောဆိုနေကြသည့် ‘မကောင်းတာဟာ သီလရှင်များကြောင့်၊ ကောင်းတာက ရဟန်းရှင်များကြောင့်’ ဟူသော စကားမှာ ထိုင်းသာမန်ပြည်သူတို့၏ ယုံကြည်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ ယင်းမှာ သံဃာတော်များ ဘာပဲလုပ်လုပ် ယင်းသည် ၄င်းတို့အပေါ်တွင်သာ မှီနေသည်ဟူသော ယုံကြည်မှုဖြစ်သည်။ ထို့ပြင် ယင်းမှာ သံဃာအဖွဲ့ဝင် အမျိုးသမီးတို့သည် မကောင်းမှု အကုသိုလ်တရား၏ အရင်းအမြစ်များဟူ၍ တွက်ဆမှုများ ဖြစ်စေနိုင်သည်။ ထိုယုံကြည်မှုသည် အန္တရာယ်အလွန်များသော သဘောထားများ ဖြစ်ကာ ခေတ်ဦး ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုနှင့်လည်း ကင်းကွာနေပေသည်။ ဗုဒ္ဓဘာသာ အစောပိုင်းကာလက သံဃာများနှင့် သာမန်လူ (လူဝတ်ကြောင်) များသည် အပြန်အလှန်အားဖြင့် အထောက်အကူ ပြုနေသည်။ သံဃာတော်များသည် ဗုဒ္ဓဘာသာဆိုင်ရာ တန်ဖိုးနှင့် (ကိုယ့်ကျင့်သိက္ခာများကို) ထိန်းသိမ်းကာ ဘာသာရေးဆိုင်ရာ လမ်းညွှန်မှုများ ပေးနေသည်ဟု တွက်ဆနိုင်ပြီး အပြန်အလှန်အားဖြင့် သာမန်လူတို့က လူ့အဖွဲ့အစည်းများတွင် ထောက်ပံ့ခဲ့ကြသည်။ အစောပိုင်း ဗုဒ္ဓဘာသာ ကျမ်းစာများတွင် သာမန် လူ့အဖွဲ့အစည်းသည် သံဃာတော်တို့၏ ကိုယ်ကျင့်သီလကို ဆန်းစစ်နိုင်သည့် အနေအထားတွင် ရှိခဲ့သည်။

ထိုင်းသံဃာ အဖွဲ့အစည်းအတွင်း (ထိုင်းသံဃာတော်များက အမျိုးသမီးများ၏ သိမ်ငယ်မှုနှင့် ပြည့်တန်ဆာတို့၏ ဘဝကံမကောင်း အကြောင်းမလှမှုတို့ အပေါ်တွင် အလေးထား) နေသော ဖြစ်ရပ်များကို တွေ့ရလျှင် မအံ့သြစေချင်ပါ။ ထိုသံဃာတော်များသည် အမျိုးသမီးနှင့် ပြည့်တန်ဆာများအား နောင်ဘဝတွင် ပိုကောင်းသော ဘဝ အာမခံမှုများ ရရှိရန် ဘုန်းကြီးကျောင်းများသို့ အလှူအတန်းပြု၍ ကုသိုလ်ကောင်းမှု လုပ်ရန် တိုက်တွန်းသည်။ အကျိုးရလာဒ်အဖြစ် မြောက်ပိုင်းဒေသရှိ ဘုန်းကြီးကျောင်းအချို့သည် ပြည့်တန်ဆာတို့၏ ဝင်ငွေဖြင့် ခမ်းနားစွာ ပြင်ဆင်ထားလေသည်။

သံဃာတော်တို့သည် ထိုင်းနိုင်ငံ ကျေးလက်ဒေသများတွင် အဓိပ္ပါယ် ရှိနေဆဲ ဖြစ်သော်လည်း ဘန်ကောက်ကဲ့သို့သော မြို့ပြဒေသများတွင် သံဃာနှင့် သာမန် လူ့အသိုင်းအဝိုင်းကြား ဆက်ဆံရေးသည် ပြိုပျက်လွယ်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ သံဃာတော်အများစုသည် လူထုအခမ်းအနားများ (သို့မဟုတ်) ဘာသာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာ ရှိနေပေသည်။ သံဃာများနှင့် သာမန်လူထုအကြားတွင် အဓိပ္ပါယ်ရှိသော ပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများ မရှိခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သံဃာအဖွဲ့အစည်း ပြန်လည် အားကောင်းလာစေရေးအတွက် ဗုဒ္ဓဘာသာ ပညာရေးစနစ် ပြန်လည်ရှင်သန်ရေးမှာ အဓိက လိုအပ်ချက်ဖြစ်သည်။ အနိမ့်ဆုံးအားဖြင့် မိမိတို့ သံဃာတော်များကို ဖြည့်စေ၍ မြို့ပြဒေသနေ လူအများကို ထိရောက်သော ဘာသာရေးဆိုင်ရာ လမ်းညွှန်မှု ပေးရန်ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ဆယ် သုံးဆယ်အတွင်းတွင် ပြည့်တန်ဆာဦးရေ ထူးခြားစွာ တိုးမြင့်လာနေကာ သံဃာနှင့် ကိုရင် အရေအတွက်မှာ ခန့်မှန်းခြေ သုံးသိန်းခန့်ရှိပြီး မပြောင်းလဲခဲ့ပေ။ သံဃာတို့သည် ပြည့်တန်ဆာအရေးကိစ္စ အပါအဝင် သာမန် လူမှုရေးကိစ္စများတွင် အလွန်သီးသန့်ဆန်သော သဘောထားများ ရှိနေကြသည်။ ဤလူမှုရေးကိစ္စများကို လက်မခံမှုမှာ သံဃာများသည် ပြည်သူတို့၏ လောကီရေးရာများတွင် ဝင်ရောက် မစွက်ဖက်သင့်ဟူသော သဘောပေါက်မှု (သို့မဟုတ်) လွဲမှားသော နားလည်မှု တစိတ်တပိုင်း ဆက်စပ်နေသည်။ ဤသို့သော သဘောထားများကြောင့် သံဃာတော်များထံမှ အပြုသဘော (သို့မဟုတ်) အဓိပ္ပါယ်ရှိသော ပါဝင်ဆောင်ရွက်မှုများကို မျှော်လင့်ရန်မှာ အမှန်ပင်ခက်ခဲလှသည်။

အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ဂုဏ်ရှိသော အမှုကို ပြုရန်နှင့် အကျင့်သီလနှင့် ပြည့်စုံသော သံဃာတော်များကို ကိုးကွယ်ရန် သက်သက်ကိုသာ သိရှိနေကြသည်။ ထို့ကြောင့် သံဃာတော်များထံ ဆည်းကပ်ကြသည့်အခါ ကျမတို့ သာမန်ပြည်သူများအနေနှင့် သံဃာတော်တို့၏ သဘာဝနှင့် အားနည်းချက်မျာကို သတိပြုကြရပေမည်။ ကျမတို့သည် ယေဘူယျအားဖြင့် ပညာမရှိသော ရဟန်းများ၏ အကြံပေးသွန်သင်မှုများကို မျက်စိမှိတ်၍ လက်ခံလိုက်ခြင်း မပြုမိစေရန် သတိထားကြရပေမည်။

အနောက်နိုင်ငံများမှ ဘီက္ခူနီ (ရဟန်းမ) များသည် (လူ့ဘောင်အတွက် အလွန်ကောင်းမွန်သော) လုပ်ငန်းရပ်များကို ဆောင်ရွက်ပေးနေကြသည်။ ဘိက္ခူနီတို့က အဓမ္မပြုကျင့်ခံရသူများနှင့် ကိုယ်ဝန်ဖျက်ခဲ့ကြသော အမျိုးသမီးများကို ဘာသာရေးဆိုင်ရာ ကျင့်ကြံအားထုတ်မှုများ ဆောင်ရွက်စေခြင်းအားဖြင့် ၄င်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ဝိဥာဉ်ပိုင်းဆိုင်ရာတို့ကို ပြန်လည်တည်ဆောက်ရန် ကူညီနိုင်သည်။ ဤဆောင်ရွက်မှုသည် စိတ်ဆင်းရဲဒုက္ခ ခံစားနေရသော အမျိုးသမီးများအပေါ်တွင် စိတ်ပိုင်းဆိုင်ရာအရ ကြီးမားသော သက်ရောက်မှုကို ဖြစ်စေသည်။ တိဗက် ဗုဒ္ဓဘာသာ ထုံးစံအရ ရဟန်းခံခဲ့သော အမေရိကန် ဘိက္ခူနီရှင် ဆန်းယီခါဒရို (Ven Sangye Khadro) သည် အဆင့် ၄ ဆင့်ပါသော မကောင်းမှုမှ သန့်ရှင့်စင်ကြယ်စေသည့် ကျင့်စဉ်များကို တင်ပြထားသည်။ ယင်းတွင် နောင်တ၊ ခိုလှုံရာ၊ ပိုင်းဖြတ်မှုနှင့် ပြန်လည်ဆန်းစစ်မှုဟူသော စိတ်ပိုင်းဆိုင်ရာ ခံယူမှု (၄) ရပ်ကို (ဂရုဏာတရားနှင့်အတူ) စိတ်တွင်း၌ ရိုးသားစွာ ဖြစ်ပေါ်စေခြင်းက ကိုယ်ဝန်ဖျက်ချပြီးနောက် အမျိုးသမီးများ တွေ့ကြုံကြရသည့် (စိတ်ပိုင်းဆိုင်ရာ) နာကျင်မှုနှင့် လိပ်ပြာမသန့်မှုတို့အား ကုစားရာတွင် ထောက်ကူပေးနိုင်သည်။ သို့ရာတွင် စစ်မှန်သော ကုစားမှု (သို့မဟုတ်) သန့်ရှင်းစင်ကြယ်မှုသည် သတ္တဝါတို့၏ ပျော်ရွှင်စွာ အသက်ရှင်သန်ပိုင်ခွင့်ကို လက်ခံပြီး သတ္တဝါတို့အပေါ် ချစ်ခင်ရန်နှင့် ပိုမိုပွင့်လင်းရန် လေ့လာခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမများနှင့် ကျင့်ကြံအားထုတ်မှုများကို ပြည့်တန်ဆာများအား ပို၍ကောင်းမွန်သော ဘဝသို့ ပြောင်းလဲလာစေရန် ကူညီရာ၌ အသုံးပြုနိုင်ပါသည်။

ပြည့်တန်ဆာလုပ်ငန်းကို ဖြေရှင်းရန်အတွက် ဘိက္ခူနီ သံဃာအဖွဲ့အစည်းကို ပြည်လည်မိတ်ဆက်ရန် အလွန်လိုအပ်နေသည်။ အခြား အမျိုးသမီးများအား ဘာသာရေးဆိုင်ရာ လမ်းညွှန်မှု၊ ကမ်းလှမ်းမှုများ ပေးရာ၌ သီလရှင်တို့က ပိုမို ဆောင်ရွက်နိုင်ကြပေသည်။ အစဉ်အလာအားဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများသည် ဒုက္ခရောက်နေသူ လူအများအတွက် ခရီးတစ်ထောက် ကွန်းခိုရာအဖြစ်နှင့် မမြင်သာသော လုပ်ငန်းများကို ဆောင်ရွက်ပေးနေပါသည်။ သို့သော် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ ကျောင်းတော်များ (ဘုန်းကြီးကျောင်းများ) သည် ရဟန်းတော်များသာ ရှိခြင်းကြောင့် ယင်းဆောင်ရွက်မှုများသည် အမျိုးသားများအတွက်သာ ဖြစ်နေပေသည်။ ထင်ရှားသော ထိုင်းဗုဒ္ဓဘာသာဆိုင်ရာ လူမှုရေး ဝေဖန်သူတစ်ဦးဖြစ်သူ ဆူလပ်ဆီဝလက်ဆ (Sulak Siva raksa)က ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းများ မြင့်မားနေခြင်းသည် ဘိက္ခူနီ သံဃာအဖွဲ့အစည်း မရှိမှုအပေါ်တွင် တစိတ်တပိုင်းအားဖြင့် တာဝန်ရှိသည်ဟု ဝေဖန်ပြောထားသည်။ ကျောင်းသင်္ခန်းများတွင် အမျိုးသမီးဦးရေ တိုးမြင့်လာပါက ပြည့်တန်ဆာရုံများတွင် အမျိုးသမီးများများ လျော့နည်းသွားကာ အမျိုးသမီးများကို ဘာသာရေးတွင် နေရာပေးမှုက လူမှုရေးဆိုင်ရာ အကျပ်အတည်းဖြစ်မှုများကို နည်းပါးသွားစေမည်ဖြစ်သည်။

ကျမတို့၏ ဆွေးနွေးတင်ပြမှုတွင် တွေ့ရသကဲ့သို့ပင် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များသည် အပြန်အလှန်အားဖြင့် ပြည့်တန်ဆာလုပ်ငန်းနှင့် ဆက်စပ်နေသည်။ ထိုင်းဗုဒ္ဓဘာသာ သံဃာအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ဗုဒ္ဓဘာသာက ပြည့်တန်ဆာများကို ကြီးမားသော အကူအညီ ပေးနိုင်ကြောင်းကို အစိုးရအရာရှိများက ရှင်းလင်းစွာ နားလည်ပြီး အခြေခံ ပြောင်းလဲမှုများ ပြုလုပ်ရန် စိတ်ထား ထက်သန်နေကြောင်းကို ကျမလက်ခံ ယုံကြည်ပါသည်။ ထိရောက်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက် ဤပြဿနာတွင် ပါဝင် ပတ်သက်ရသော လူများအပိုင်းက ဤပြဿနာ၏ သဘောသဘာဝကို အသိအမှတ်ပြုလိုသည့် ဆန္ဒမှာလည်း အဓိက လိုအပ်ချက်ဖြစ်သည်။ ထိုင်းသံဃာတော်များသည် သူတို့ကို ကာရံထားသည့် ဥခွံကို ဖောက်ထွက်လာရန်မှာ ကြီးမားသော လိုအပ်ချက်တစ်ခုဖြစ်သည်။ ထို့ပြင် အမျိုးသမီးများကို ကူညီခြင်းဖြင့် တိုက်ရိုက် ပါဝင်ဆောင်ရွက်ရန်နှင့် ဗုဒ္ဓဝါဒကို ပိုမိုနက်ရှိုင်း နားလည်စေခြင်းဖြင့် သွယ်ဝိုက်၍ ပါဝင်ဆောင်ရွက်ရန် လိုအပ်နေသည်။ အကယ်၍ အမျိုးသမီးများက အမျိုးသားများနှင့် တန်းတူဖြစ်လာမှုအပေါ် စိုးရိမ်မှုသည် သံဃာတော်များက သူတို့၏ လမ်းကြောင်းကို မပြောင်းလဲလိုမှု၏ အခြေခံများ ဖြစ်နေလျှင် ဗုဒ္ဓဟောကြားမှုအရ အမျိုးသမီးများသည် ဘာသာရေးဆိုင်ရာ စွမ်းရည် ဝိဥာဉ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ပြီးမြောက်စေမှုတို့တွင် အမျိုးသားများနှင့် တန်းတူဖြစ်သည်ဆိုသော အချက်ကို သတိရ၊ အမှတ်ရသင့်သည်။ လူမှုရေးပြဿနာများသည် အလွန်အမင်း ဖိစီးလာနေသောကြောင့် အချိန်ဖြုန်းနေ၍ မရတော့ပါ။ ယင်းကို အရေးတကြီး ဖြေရှင်းကြရမည် ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းတွင် ထိရောက်သော လူမှုရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်အတွက် ကျားမ လူတန်းစားအလွှာ လူမျိုးရေး စသည်ဖြင့် မခွဲခြားဘဲ လူတိုင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ကျမတို့၏ ကလေးငယ် မျိုးဆက်သစ်များကို လက်ရှိကျမတို့ ပေးဆပ်နိုင်သည်ထက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးတွင် နေထိုင်နိုင်ရန် အတွက် ကျမတို့၏ အတိုင်းမဲ့စွမ်းရည်များကို အမှန်တကယ် နားလည်သဘောပေါက်၍ ကျင့်ကြံအားထုတ်ကြရမည် ဖြစ်ပါသည်။

Kabilsingh, chatsumarn. Thai Women in Buddhism. Chapter 7, prager 68-71 and 81-85. Parallax Berkeley, California 1991 မှ ကောက်နှုတ်ချက်များ A collation of Article on Thai women and Buddhism, edited by: Virada somswasdi & Alycea Nicholas. Published by: FORWARD and women studies center, faculty of social science, Chaingmai University မှ (P.38-47) ထိဖော်ပြထားသည်များကို ပြန်ဆိုဖော်ပြပါသည်။

အမှတ် ၁၊ ၂ဝဝ၄ ခုနှစ် မတ်လထုတ် စာစောင်ပါ ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။

ဘာသာရေးကဏ္ဍနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာများတွင်လည်း အမျိုးသမီးများအပေါ် အမြင်နှင့် သဘောထားခံယူမှု အမျိုးမျိုး ရှိနေကြသည် ဖြစ်ရာ မိမိတို့ အနေဖြင့် အစဉ်တစိုက် တင်ပြသွားရန် ရည်ရွယ်ပါသည်။ ဘာသာရေးကို အလေးထား၍ လေ့လာသူများ၏ အကြံပြုမှုများကိုလည်း ဖိတ်ခေါ်အပ်ပါသည်။ မိမိတို့၏ တင်ပြမှုများတွင် အမှားအယွင်းများရှိပါက လွတ်လပ်စွာ ဝေဖန်ထောက်ပြနိုင်ပါသည်။ (အယ်ဒီတာအဖွဲ့)
>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်

Monday 26 December 2011

ဆရာတော်အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)၏ ဓမ္မရသများ


ဆရာတော်အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)၏ ဓမ္မရသများ
မကောင်းကွက်ကိုသာကြည့်မယ်ဆိုလျှင် ပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။
ကောင်းကွက်ကိုသာကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာပုဂ္ဂိုလ်မရှိ။
--------------------------------------------------------------------
သဘောထားကြီးသူသည် မည်သူ့ ကိုမှ အပြစ်မမြင်တော့ပါ၊
ကိုယ့်အပြစ်ကိုသာ ကိုယ်မြင်ပါတော့သည်။
----------------------------------------------------------------------
သူတစ်ပါးကို မကြည်ညိုလျှင် ကုသိုလ်မရရုံပဲရှိတယ်။
မိမိကိုယ်မိမိ မကြည်ညိုလျှင် အပါယ်ကျတတ်တယ်။
--------------------------------------------------------------------
သာသနာပြုပုဂ္ဂိုလ်ဆိုတာ လူတွေရဲ့ ရင်ထဲကို သီလ၊ သမာဓိ၊ ပညာ၊
သိက္ခာသုံးပါး တည်အောင်ပြုလုပ်ပေးတဲ့ပုဂ္ဂိုလ်ကို ခေါ်သည်။
-------------------------------------------------------------------
ဒေါသဓာတ်ဖြင့် သူတစ်ပါး၏မကောင်းကွက်ကိုကြည့်လျှင် အကုသိုလ်လည်းဖြစ်သည်၊
စိတ်လည်းဆင်းရဲသည်၊ စီးပွားလည်းပျက်သည်၊ အပါယ်သို့ လည်းကျသည်။
မေတ္တာဓာတ်ဖြင့် သူတစ်ပါး၏ကောင်းကွက်ကိုသာရှာကြည့်လျှင် ကုသိုလ်လည်းဖြစ်သည်၊
စိတ်လည်းချမ်းသားသည်၊ စီးပွားလည်းတက်သည်၊ နိဗ္ဗာန်သို့ လည်းရောက်သည်။
-----------------------------------------------------------------------------------
ဝဏ္ဏမစ္ဆရိယဟူသည် သူတစ်ပါး၏ ဂုဏ်ကိုဝန်တိုခြင်းဖြစ်သည်၊
ဝဏ္ဏမိစ္ဆရိယ ရှိသူများသည် ဖြစ်ရာဘ၀တွင်ရုပ်ဆိုးတတ်သည်။
အရောင်းအ၀ယ်ဆန်သော ပါရမီမထိုက်သည့် ဒါနသည် လူချမ်းသာ၊ နတ်ချမ်းသာကို ပေးသော်လည်း ကိလေသာကုန်ရာ နိဗ္ဗာန်သို့ မပို့ ။
လောဘကုန်ဖို့ ပြုသော ပါရမီထိုက်သည့် ဒါနသည်ကား လူချမ်းသာ၊ နတ်ချမ်းသာကို ပေးသည့်အပြင် နိဗ္ဗာန်ချမ်းသာအထိပို့ သည်။
---------------------------------------------------------------------------
ပညာမဲ့သည် ရရှိသောလူ့ ဘ၀ခန္ဒာကို ကာမဂုဏ်အတွက် အသုံးချ၍ အပါယ်လေးပါးသို့ သွားသည်။
ပညာရှိသည် ရရှိသောလူ့ ဘ၀ခန္ဒာကို တရားရဖို့ အတွက် အသုံးချ၍ နိဗ္ဗာန်သို့ သွားသည်။
------------------------------------------------------------------------
လိုချင်လျှင် ဆင်းရဲသည်၊ မလိုချင်လျှင် ချမ်းသာသည်။
မည်သည့်အရာမှ မလိုချင်နှင့်၊ မည်သည့်အရာမှ မတွယ်တာနှင့်။
ဒါဆိုလျှင် ချမ်းသာပြီ။
----------------------------------------------------------------------
ရယူခြင်းနှင့်ပေးဆပ်ခြင်းတို့ တွင် ပေးဆပ်ခြင်း၌သာ
ပျော်မွယ့်သူသည်သာလျှင် တကယ့်သူတော်ကောင်းဖြစ်သည်။
-----------------------------------------------------------------
>>>ဆက်ဖတ်ရန်>>> >>
ဆက်ဖတ်ရန်