Friday, 30 December 2011

ဗုဒ္ဓဝါဒနှင့် ပြည့်တန်ဆာ


‘ပြည့်တန်ဆာ’ဟူသော ဝေါဟာရကို ဗုဒ္ဓဝေါဟာရ ဗုဒ္ဓစာပေ ကျမ်းဂန်များတွင် ဆိုဘီနီ (Sobhini) ဟူ၍ တွေ့ရ၏။ ယင်းသည် နာဂါဆိုနီရှီ (Nagar Sobhini) ကို အတိုကောက်သုံးခြင်း၏ အဓိပ္ပါယ်မှာ ‘မြို့တော်မှ ပိုင်ဆိုင်သည့် အလှမယ်’ ဖြစ်သည်။ ထိုဘွဲ့အမည်ကို ဝဇ္ဇီ (Vajji) ဘုရင်က ပထမဆုံး ပေးအပ်ခဲ့၍ အနှစ်သာရမှာ နိုင်ငံပိုင် ပြည့်တန်ဆာအဖြစ် အသက်မွေးရသော ရာထူးအဆင့်ကို အပ်နှင်းလိုက်ခြင်း ဖြစ်သည်။ ထိုဘွဲ့ကိုရရှိရန် အမျိုးသမီး တစ်ဦးသည် ထူးထူးခြားခြား လှပရသည့်အပြင် လူမှုအနုပညာများဖြစ်သော သီဆိုခြင်း၊ ကခုန်ခြင်း၊ ပြောဆိုဆက်ဆံခြင်း၊ ကဗျာလင်္ကာနှင့် ကာမသျှတ္တရ (ကာမပိုင်းဆိုင်ရာ ကျေနပ်နှစ်သိမ့်စေမှု အတတ်ပညာ) များကို လေ့လာထားရသည်။ သို့မဟုတ် ကောင်းစွာတတ်မြောက်ထားရသည်။ ဤသို့သော အမျိုးသမီးများကို နန်းပြိုင်ဘုရင်များ၊ မင်းညီမင်းသားများနှင့် မြင့်မြတ်သော သူကောင်းမျိုးများက လိုချင်တပ်မက်ကြသဖြင့် သူမတို့သည် ပြဿနာ၏ အဓိကသော့ချက်ဖြစ်လာကာ စစ်ပွဲများအထိပင် ဖြစ်စေနိုင်ပေသည်။ ဘုရင်က ဆိုဘီနီ (ပြည့်တန်ဆာ) ဘွဲ့အပ်နှင်းခြင်းဖြင့် သူမကို မည်သူ တစ်ဦးတစ်ယောက်မှ အတိအကျ မပိုင်ဆိုင်ရတော့ပေါ၊ သို့သော် ဈေးနှုန်းမြင့်မားသော သူမ၏ ဖြေဖျော်ခကို ပေးဆောင်နိုင်သူတို့နှင့် ပျော်ပါးရသည်။ ဆိုဘီနီ ပြည့်တန်ဆာတစ်ဦးသည် ဗာရာဏသီ မြို့ကြီး၏ တဝက်ခန့် အဖိုးထိုက်တန်ခဲ့ဖူးသည်။ တွေ့ရှိမှုများအရ ထိုအမျိုးသမီးများသည် အထက်တန်းလွှာများကြားတွင် ကူးလူးဆက်ဆံနေရသဖြင့် သူတို့၏ လူနေမှု အဆင့်အတန်းများလည်း အတန်အသင့် မြင့်မားခဲ့သည်။ သာမန်လူများအတွက် ဆောင်ရွက်ပေးကြရသည့် အခြားအလွှာမှ ပြည့်တန်ဆာများကို ဂန္ဒီကာ (Ganika) ဟုခေါ်ကာ ‘အမျိုးသမီးများ လူမှုအသိုင်းအဝိုင်း’ဟု ရိုးရှင်းစွာ အဓိပ္ပါယ်ရသည်။ အစောပိုင်း ဗုဒ္ဓကျမ်းဂန်များတွင် ဂန္ဒီကာများ၏ အကြောင်း ပါရှိသော်လည်း ဆိုဘီနီတို့၏ အကြောင်းကို အဓိကဖော်ပြထားကြသည်။

ရှေးဟောင်း ဗုဒ္ဓဘာသာ စာပေများ၌ ပြည့်တန်ဆာများအပေါ် အဆိုးမြင်သော သဘောထားများ ထင်ဟပ်ဖော်ပြထားသည်ကို မတွေ့ရပေ။ ဗုဒ္ဓကိုယ်တိုင် ထိုအမျိုးသမီးများအား ကြိုဆိုလက်ခံကာ ကျားမ၊ ဇာတ်နိမ့်၊ ဇာတ်မြင့် (သို့မဟုတ်) အယူဝါဒ မခွဲခြားဘဲ အခြားသူများနှင့် တန်းတူပင် နိဗ္ဗာန်ကို မျက်မှောက် ပြုရာလမ်းကို လျှောက်လှမ်းခွင့်ပေးခဲ့သည်။

အမ္ဗပါလီသည် ဝေသာလီပြည်မှ ဆိုဘီနီခေါ် ပြည့်တန်ဆာဖြစ်သည်။ ကလေးဘဝက သရက်ပင်အောက်တွင် စွန့်ပစ်ခြင်းကို ခံခဲ့ရသောကြောင့် သူမ၏အမည်မှာ ‘သရက်ပင်အောက်မှ မိန်းကလေး’ဟု အဓိပ္ပါယ်ရှိသည်။ အမ္ဗပါလီကို ဥယျာဉ်မှူးတစ်ဦးက တွေ့ရှိ၍ ဝေသာလီဘုရင်ထံသို့ ယူဆောင်သွားခဲ့ကာ နန်းတွင်း၌ မွေးမြူစောင့်ရှောက်ထားခဲ့သည်။ ခုဒ္ဒက နိကာယ် (Kguddha Nikaya) တွင် အမ္ဗပါလီ၏ အလှကို ‘သူမ၏ ဆံကေသာသည် ပိတုံးရောင်ကဲ့သို့ မဲနက်တောက်ပနေကာ မျက်ခုံးများက အတော်ဆုံး ပန်းချီကျော် ရေးဆွဲထားသကဲ့သို့ လှပလေသည်။ ခြေတံများက ဆင်စွယ်များလို ချောမွေ့ပြီး ခြေချောင်းလေးများက ဝါဂွမ်းဆိုင်များ နူးညံ့သလို နူးညံ့လှပေသည်’ ဟု ဖော်ကြူးထားသည်။ အမ္ဗပါလီ၏ တစ်ညတာ အခငွေမှာ အသပြာ (Kahapanas)  ၅ဝ ကျော်ရှိပြီး သူမသည် အထက်တန်းလွှာမှ အမျိုးကောင်းသားများကို ညှို့ယူဖမ်းစား၍ နှစ်သက်ကျေနပ်စေသည့် အတတ်ပညာမျိုး ၆၄ သွယ်ကို တတ်မြောက်သည်ဟု မဟာဝဂ္ဂ၏ (Maha Vagga) ကျမ်းတွင် ဆက်လက် ဖော်ပြထားပါသည်။ များစွာသော ဝေသာလီ မင်းညီမင်းသားများနှင့် ဘုရင်တို့သည် အမ္ဗပါလီကို ရယူပိုင်ဆိုင်ခဲ့ကြသည်။ သူမနှင့်ပတ်သက်၍ အငြင်းအခုံများ ဖြစ်ခဲ့ကြရပြီး ယင်းကို မဖြေရှင်းနိုင်သောအခါ အမ္ဗပါလီကို ဆိုဘီနီခေါ် ပြည့်တန်ဆာဘွဲ့ကို အပ်နှင်းခဲ့ကြသည်။ အမ္ဗပါလီက သတ်မှတ်ထားသော အဖိုးအခကို လက်ခံ၍ ၄င်းတို့အား ဖြေဖျော်မှု ပြုရသည်။ နောက်ပိုင်းတွင် ရာဇဂြိုလ်ပြည့်ရှင် ဗိမ္ဗိသာရက သူမကို ကြင်ယာတော်အဖြစ် ဆောင်ယူခဲ့ကာ နောင်တွင် သားတစ်ယောက် ဖွားမြင်ခဲ့သည်။ သူတို့သားငယ်ဖြစ်သော ဝိမလကုန္ဒနသည် ရဟန်းဘောင်သို့ ဝင်ရောက်ပြီးလျှင် ရဟန္တာဖြစ်လာခဲ့သည်။

အမ္ဗလာပါလီ ထေရီယ ပတ္တရတွင် သူမ၏ အတိတ်ဘဝ ဇာတ်ကြောင်းများကို ပြန်လည်ဖော်ပြထားသည်။ တချိန်က အမ္ဗလာပါလီသည် ခတ္တိယ အမျိုးဇာတ်တွင် မွေးဖွားခဲ့၍ အရှင်ပုစ္ဆာမုနိ၏ နှမငယ်ဖြစ်ခဲ့ဖူးသည်။ သူမသည် တရားတော်ကို လိုက်နာကျင့်ကြံ၍ ကုသိုလ်ကောင်းမှုပြုကာ နောက်ဘဝတွင် အဆင်းအင်္ဂါလှပစေရန် ဆုတောင်းခဲ့သည်။ နောက်ဘဝတွင် သူမသည် ဗြဟ္မဏအမျိုးတွင် မွေးဖွားလာခဲ့ပြီး တောင်းသောဆုနှင့် ပြည့်ဝခဲ့လေသည်။ သို့ရာတွင် အဆင်းလှပမှုအပေါ် မာန်တက်ကာ ဘိက္ခု (ရဟန်းမ) တစ်ပါးကို ဆဲရေးတိုင်းထွာ စော်ကားခဲ့သည်။ ထိုအပြုအမူကြောင့် သူမသည် ဘဝပေါင်းများစွာ ဆင်းရဲဒုက္ခခံစားရပြီး ပြည့်တန်ဆာ အကြိမ်ကြိမ် ဖြစ်ခဲ့ရသည်။ ကဿပ ဘုရားရှင် လက်ထက်တွင် သူမသည် ရဟန်းပြု၍ ဘိက္ခူနီ ဖြစ်လာခဲ့သည်။ ယင်း၏နောက်ပိုင်း တာဝတိံသာ နတ်ပြည်တွင် ခံစားရပြီး ဂေါတမ ဗုဒ္ဓ ဘုရားရှင်၏ လက်ထက်အခါတွင် နောက်ဆုံးဘဝအဖြစ် ဖွားမြင်၍ ပြည့်တန်ဆာ ဖြစ်ခဲ့ရပြန်သည်။

‘မဟာပရိနဗ္ဗာရသုတ္တံ’တွင် ဗုဒ္ဓဘုရားရှင်သည် အမ္ဗပါလီ၏ သရက်တော ဥယျာဉ်တွင် ရပ်တန့်အနားယူခဲ့သည့် အချိန်က အဖြစ်ကို ကြားနာခဲ့ကြရသည်။ အမ္ဗပါလီသည် ဗုဒ္ဓဘုရားရှင်ကို အရိုအသေပြုကာ ဗုဒ္ဓနှင့် နောက်ပါ သံဃာတော်များကို  နောက်ရက်အတွက် ဆွမ်းပင့်ဖိတ်ကြားခဲ့သည်။ လစ္ဆဝီမင်းသား တစ်စုကလည်း ထိုနေ့တွင်ပင် ဗုဒ္ဓကို ဆွမ်းလုပ်ကျွေးလို၍ အမ္ဗပါလီကို အဿပြာငွေ (Kahapanas) တစ်သိန်းပေး၍ သူမ၏ ဆွမ်းပင့်ဖိတ်ကြားမှုကို ရုတ်သိမ်းစေခဲ့သည်။ အမ္ဗပါလီက လက်မခံသဖြင့် လစ္ဆ၀ီမင်းသားများသည် ဗုဒ္ဓထံတော်သို့ တိုက်ရိုက်ချဉ်းကပ်ကာ ဆွမ်းဖိတ်ကြားသော်လည်း ဗုဒ္ဓက အမ္ဗပါလီ၏ ပင့်ဖိတ်မှုကို လက်ခံပြီးကြောင်း အသိပေး တုန့်ပြန်ခဲ့သည်။ နောက်တစ်ရက်၌ ဆွမ်းစား ကြွလာည့်အခါ အမ္ဗပါလီက သူမ၏ သရက်တော ဥယျာဉ်ကို ဗုဒ္ဓနှင့် နောက်ပါ သံဃာတော်များအား လှူဒါန်းခဲ့သည်။ ထိုနောက်တွင် သူမပိုင် ပစ္စည်း ဥစ္စာများနှင့် ပြည့်တန်ဆာဘဝဟောင်းကို စွန့်ပစ်ကာ ဘိက္ခူနီဘဝကို ခံယူပြီးလျှင် ဗုဒ္ဓတရားတော်များကို အပတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့သဖြင့် ရဟန္တာအဖြစ်သို့ ရောက်ရှိလာခဲ့သည်။ နှစ်ပေါင်းများစွာ ဗုဒ္ဓ၏ တရားတော်များကို ဟောကြားပြသခဲ့သည်။

ဝေသာလီပြည်ရှိ အခြားထင်ရှားသော ဆိုဘီနီ (ပြည့်တန်ဆာ) တစ်ဦးမှာ သလ္လာဝတီဖြစ်သည်။ သလ္လာဝတီသည် ရုပ်ဆင်းအင်္ဂါလှပပြီး သီဆိုကခုန်ခြင်းနှင့် ယောက်ျားသားတို့အား ဖြေဖျော်ရသည့် အတတ်ပညာများကို ကောင်းစွာ လေ့ကျင့်ထားသူဖြစ်သည်။ သူမနှင့် တစ်ညတာ ပေါင်းဖက်ရသည့် အနိမ့်ဆုံး အခငွေမှာ အသပြာ ၁ဝဝ ဖြစ်လေသည်။ သလ္လာဝတီ၏ ပထမသားဦးမှာ ဇီဝကဖြစ်သည်။ ဇီဝကကို ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရ၏သား အဘယရာဇာ မင်းသားက မွေးမြူစောင့်ရှောက်ခဲ့ပြီး နောက်တွင် တက္ကသီလာတွင် ဆေးအတတ်သင်ယူကာ ဗုဒ္ဓဘုရားရှင်နှင့် သံဃာတော်အပေါင်း၏ သမားတော်ကြီး ဖြစ်လာခဲ့သည်။

သလ္လာဝတီ၏ ဒုတိယကလေးမှာ သီရိမာ ဖြစ်သည်။ သီရိမာသည် လှပပြီး စွမ်းရည်ရှိ၍ သူမမိခင်နောက်တွင် ပြည့်တန်ဆာဘွဲ့ကို ခံယူရသည်။ သီရိမာသည် ဘာသာတရား ကိုင်းရှိုင်းသော ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်ကာ နေ့စဉ် သံဃာတော် ၈ ပါးကို ဆွမ်းလုပ်ကျွေး ပြုစုခဲ့သည်။ ပျိုရွယ်သော ရဟန်းတစ်ပါးသည် သူမ၏အလှကို ကြားသိရကာ တွေ့မြင်လိုသဖြင့် သူမအိမ်သို့ ဆွမ်းအလှူခံ ကြွရောက်လာသည်။ ထိုနေ့တွင် သီရိမာသည် နာမကျန်းဖြစ်၍ ဆင်တန်ဆာ မပြင်ဆင်နိုင်ပဲ နေ့စဉ်ဆွမ်းလှူဒါန်းမှုကို ပြုခဲ့သည်၊ ရဟန်းငယ်၏ စိတ်တွင် မဆင်ယင်ပဲနှင့် ဤမျှလှပလျှင် ကောင်းမွန်စွာ ခြယ်သထားပါက မည်မျှ လှပပေမည်နည်းဟု တွေးကာ သီရိမာအပေါ် စွဲလမ်းတပ်မက်လာသည်။

ယင်းနောက် မကြာမီ သီရိမာ ကွယ်လွန်သွားခဲ့သည်။ ဗုဒ္ဓက သီရိမာ ရုပ်အလောင်းကို (၄) ရက်ခန့်မျှထားရန် ပန်ကြားခဲ့ပြီး (၄) ရက်မြောက်သော နေ့တွင် သီရိမာအပေါ် စွဲလမ်းနေသော ရဟန်းနှင့် နောက်သံဃာများ မီးသဂြိုလ်မည့် အခမ်းအနားသို့ ကြွရောက်ခဲ့သည်။ ဗုဒ္ဓက သီရိမာ၏ ရုပ်ခန္ဓာကို အသပြာ တစ်ထောင်နှင့် စတင်ကမ်းလှမ်းပြီး နောက်ဆုံးတွင် အသပြာငွေ တစ်ပြားနှင့်ပင် ယူလိုသူမရှိခဲ့ချေ။ ထိုအခါတွင်မှ ဗုဒ္ဓက ရုပ်ခန္ဓာကိုယ်၏ မတည်မြဲသော တရားကို ရှင်းလင်း ဟောကြားတော်မူရာ တရားတော်၏ နက်ရှိုင်းမှုကြောင့် သီရိမာအပေါ် စွဲလမ်းနေသော ရဟန်းငယ်သည် အကျွတ်တရား ရခဲ့ပေသည်။

ကျမ်းဂန်စာပေများတွင် ပြည့်တန်ဆာဖြစ်ရခြင်း အကြောင်းကို မည်သို့ ရှင်းလင်းတင်ပြခဲ့ပါသနည်း။ ကျမတို့သည် အမ္ဗပါလီ၏ ထေရီယပတ္တန (ဘဝ ဇာတ်ကြောင်း) တွင် ယခင်ဘဝဟောင်းနှင့် မည်သို့ ဆက်နွယ်နေသည်ကို တွေ့ကြရပြီးဖြစ်သည်။ အတိတ်ဘဝကံကြောင့် ပြည့်တန်ဆာဖြစ်လာရသော အဒ္ဒကာသီ (Addhakasi) ၏ ဘဝဇာတ်ကြောင်းကို ပြန်ကြည့်ပါ။ သူမသည် ကဿပဘုရားလက်ထက်တွင် ဘိက္ခူနီမ ဖြစ်ခဲ့သည်။ သီတင်းသုံးဖေါ် ဘိက္ခူနီတစ်ဦးကို ပြည့်တန်ဆာမဟု ဒေါသနှင့် ဆဲဆိုခဲ့သဖြင့် ဘဝများစွာ ဒုက္ခဆင်းရဲ ခံခဲ့ရသည်။ နောက်ဆုံးဘဝတွင် ချမ်းသာသော မိသားစုတွင် မွေးဖွားကြီးပြင်း လာခဲ့ရသော်လည်း သူမ၏ လှပသော အဆင်းကြောင့် ဆိုဘီနီ ပြည့်တန်ဆာဘွဲ့ကို နှင်းအပ်ခံခဲ့ရသည်။ အဒ္ဒကာသီသည် ဗုဒ္ဓ၏ တရားတော်ကို နာကြားရပြီးနောက် ရဟန်းပြုခဲ့သည်။ သူမသည် ရဟန်းခံရန်အတွက် ဗာရာဏသီမှ သာဝတ္တိသို့ လာရောက်ရမည်ဖြစ်ကာ လမ်းခရီး၌ လူဆိုးသူခိုးများက ပြန်ပေးဆွဲဖို့ရန် ကြံစည်နေကြသည်။ ထိုအကြောင်းကို ဗုဒ္ဓက သိရှိခဲ့သဖြင့် တမန်စေလွှတ်၍ ရဟန်းခံခြင်းကို ပထမဆုံးအနေနှင့် ခွင့်ပြုခဲ့သည်။ အဒ္ဒကာသီသည် မကြာမီ ရဟန္တာဖြစ်ကာ သူမ၏ ကိုယ်တွေ့အဖြစ်များနှင့် ယှဉ်၍ ဗုဒ္ဓ၏ တရားတော်များကို ဟောပြောခဲ့သည်။

‘ထေရီဂါထာ’ (ဗုဒ္ဓဘာသာဝင် ရဟန္တာ ညီအစ်မတော်များ အကြောင်း) တွင် ဝိမလမူရာ လာဂနိက (Vimala purana Ganika) ၏ ဖြစ်စဉ်ကို ဖော်ပြထားသည်။ သူမသည် အဆင်းလှသည့် ဆိုဘီနီ ပြည့်တန်ဆာဖြစ်ကာ နောင်တွင် သာသနာဘောင်သို့ ဝင်ခဲ့ပြီး နိဗ္ဗာန်သို့ မျက်မှောက်ပြုခဲ့သည်။ (ထေရီဂါထာကျမ်းတွင်) သံယောဇဉ်၏ နှောင်ဖွဲ့ခြင်းသဘောကို ကောင်းစွာ သိမြင်သည့် သူမ၏ ဂါထာများကို ထည့်သွင်းဖော်ပြထားသည်။

လက်ရှိလောကအတွင်းရှိ ပြည့်တန်ဆာလုပ်ငန်းများ ပြဿနာများကို စောင်းငဲ့မကြည့်မီ ပြည့်တန်ဆာလုပ်ငန်းအပေါ် ထားရှိသော ဗုဒ္ဓဘာသာ၏ သဘောကို ဆန်းစစ်ခြင်းက အကျိုးရှိနိုင်ပေသည်။ အခြေခံအားဖြင့် နိဗ္ဗာန်ရောက်ကြောင်း တရားကို ကျင့်ကြံအားထုတ်ရာတွင် ပြည့်တန်ဆာများ၏ တန်းတူသော အခွင့်အလမ်းကို ဗုဒ္ဓဘာသာက ငြင်းပယ်ထားခြင်းမရှိပါ။ အချို့ ရှေ့တန်းရောက်ခဲ့သည့် ပြည့်တန်ဆာများသည် ပြည့်တန်ဆာဖြစ်ရ၍ အလိုရမ္မက်အပေါ် အလွန်အမင်း လိုက်လျောပေးရသော အတွေ့အကြုံနှင့် ယင်းတို့၏ အနှစ်သာရ ကင်းမဲ့ပုံကို နားလည်ခဲ့သဖြင့် တရားကျင့်ကြံ အားထုတ်ရာတွင် လျင်မြန်စွာ တိုးတက်လာခဲ့ကြသည်။

သို့သော် ဗုဒ္ဓလက်ထက်က ပြည့်တန်ဆာဘဝနှင့် လက်ရှိလူ့အဖွဲ့အစည်းတွင် ယေဘူယျ တည်ရှိနေသော ပြည့်တန်ဆာဘဝသည် များစွာကွာခြားလေသည်။ ယခင်က ပြည့်တန်ဆာလုပ်ငန်းသည် အထက်တန်းလွှာ လူ့အဖွဲ့အစည်း၏ အသက်မွေးမှု ဖြစ်ခဲ့သည်။ ပြည့်တန်ဆာများသည် အထက်တန်းလွှာတို့ကြားတွင် ကျင်လည်ခဲ့ပြီး သူတို့၏ လူနေမှုဘဝမှာလည်း အထိုက်အလျောက် မြင့်မားခဲ့သည်။ သို့ရာတွင် ယခင်မှ ယနေ့ထက်တိုင် တည်ရှိလာနေသော ပြည့်တန်ဆာလုပ်ငန်းသည် ယောက်ျားသားတို့၏ အလိုရမ္မက်အပေါ်တွင် မူတည်နေသည်။ အမျိုးသမီးတစ်ဦးကို ကာမပိုင်ဖြစ်မှုနှင့် ပတ်သက်၍ သူတို့၏ အတွင်းတွင်  သဘောထား ကွဲလွဲလာသောအခါ သူမကို အများပိုင်ဖြစ်စေခဲ့သည်။ ထိုအမျိုးသမီးကို တစ်ဦးတစ်ယောက်တည်းက မပိုင်ဆိုင်ပဲ အားလုံးက ပိုင်ဆိုင်ခဲ့ကြသည်။ အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု ထုံးစံများတွင် တွေ့ရသကဲ့သို့ အမျိုးသမီးများမှာ အမျိုးသားက ပိုင်ဆိုင်သည့် အသုံးအဆောင် ပစ္စည်းပမာ ပြုမူဆက်ဆံ ခံနေကြရသည်။ အမျိုးသမီးတစ်ဦး၏ ကံကြမ္မာကို ယောက်ျားများ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ဘာသာရေးဆိုင်ရာ သြဇာအာဏာဖြင့် ဆုံးဖြတ်ခဲ့ကြသည်။ ယနေ့ခေတ် အမျိုးသမီးများသည် အကျပ်အတည်းများကို ရင်ဆိုင်နေရဆဲဖြစ်ပေသည်။

ဗုဒ္ဓဘာသာသည် ပြည့်တန်ဆာများက လူသားအားလုံးအပေါ် မျှဝေပေးနိုင်သည့် ဝိဥာဉ်ရေးရာ (ဘာသာရေးဆိုင်ရာ) စွမ်းရည်ကို ငြင်းပယ်မထားပေ။ သို့ရာတွင် ပြည့်တန်ဆာလုပ်ငန်းကို မြှင့်တင်ပေးမှု (သို့မဟုတ်) အားပေးအားမြှောက် ပြုမှုလည်းမရှိပေ။ ယင်းအစား ပြည့်တန်ဆာဖြစ်ခြင်းကို တည်ရှိနေသော ဆင်းရဲဒုက္ခများ၏ လက္ခဏာတစ်ရပ်အဖြစ် တင်ပြထားသည်။ ဗုဒ္ဓစာပေများတွင် ပြည့်တန်ဆာဖြစ်မှုကို ဆင်းရဲဒုက္ခ၏ လက္ခဏာတစ်ရပ်အဖြစ် ဖော်ပြထားသည်ကို တွေ့ကြရသည်။

ဗုဒ္ဓဝါဒကို လက်ခံပြီးသည့် နောက်တွင် စင်ကြယ်သောဘဝကို လျှောက်လှမ်း၍ ပြည့်တန်ဆာဘဝကို စွန့်လွှတ်လိုက်သည့် အဖြစ်များ ရှိခဲ့သည်။ ဗုဒ္ဓဘာသာသည် ပြည့်တန်ဆာများအတွက် လမ်းဖွင့်ပေးထားသော်လည်း ပြည့်တန်ဆာလုပ်ငန်းကို ထောက်ခံအားပေးမှု မရှိပေ။ ပြည့်တန်ဆာဘဝကို စွန့်ပစ်၍ ပိုမိုကောင်းမွန်သော ဘဝများဆီသို့ ဦးတည်နိုင်ရန် အတွက် အမျိုးသမီးများကို ဗုဒ္ဓဝါဒက ကူညီအားပေးနေသည်။

ဗုဒ္ဓဘာသာနှင့် ပြည့်တန်ဆာလုပ်ငန်း

ပြည့်တန်ဆာလုပ်ငန်းနှင့် ပတ်သက်သော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာတွင် ဗုဒ္ဓဘာသာ၏ သင်ကြားမှုများသည် ထိရောက်သော နည်းလမ်းများ ဖြစ်နိုင်ပါသည်။ ကျမတို့အတွက် ဗုဒ္ဓဘာသာ၏ သမိုင်းဖြစ်စဉ်နှင့် ရိုးရာဓလေ့များသည် ဥပမာတစ်ခုအဖြစ် ရှိနေပေသည်။ ဗုဒ္ဓလက်ထက်က ထင်ရှားသော ပြည့်တန်ဆာများသည် ဓမ္မတရားတော်မှ အကျိုးကျေးဇူးများ ရခဲ့ကြပြီးနောက် သူတို့၏ ဗုဒ္ဓဝါဒအပေါ် နားလည် လက်ခံမှုက ပြည့်တန်ဆာဘဝကို စွန့်လွှတ်စေခဲ့သည်၊ အချို့သည် ဘိက္ခူနီ (ရဟန်းမ) များအဖြစ်နှင့် သာသနာ့ဘောင်သို့ ဝင်ခဲ့ကြကာ တရားထူးများ ရရှိခဲ့ကြသည်။ အချို့မှာ ရဟန္တာများ ဖြစ်ခဲ့ကြပြီး ဗုဒ္ဓဘာသာ ပြန့်ပွားရေးအတွက် ခိုင်မာသော အင်အားစု များဖြစ်လာခဲ့ကြသည်။

ဗုဒ္ဓဘာသာဝင် တစ်ယောက်သည် ဗုဒ္ဓ (ဘုရား)၊ ဓမ္မ(တရား)၊ သံဃာ (ရဟန်း) တို့ကို ကိုးကွယ်ဆည်းကပ် ကြရသည်။ ထိုရတနာသုံးပါးကို (ဘုရား၊ တရား၊ သံဃာ) က ပြည့်တန်ဆာများကို ခိုလှုံခွင့်ပေးပါသလား။ ဗုဒ္ဓသည် သူ၏ ဘဝတွင် ပြည့်တန်ဆာများအပေါ် အကောင်းမြင်စိတ်ထား၍ လက်ခံခြင်းဖြင့် စံနမူနာ ပြသခဲ့သည်။ ပြည့်တန်ဆာများကို တိုက်ရိုက်ချည်းကပ်၍ ဟောပြော ဆုံးမမှုများလည်း အခါခါပြုခဲ့သည်၊ ဗုဒ္ဓနှင့် နောက်ပါသံဃာတို့သည် ပြည့်တန်ဆာတို့ လှူဒါန်းသော ဒါနကို လက်ခံခြင်းဖြင့်လည်း တိုက်ရိုက်အကျိုးရခဲ့ကြသည်။

ဗုဒ္ဓသည် သတ္တဝါအပေါင်းအား သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်စေရေးအတွက် ကူညီရန် တာဝန်ရှိသည်ဟု ခံယူထားသည်။ ပြည့်တန်ဆာများ ဗုဒ္ဓထံတော်သို့ လာရောက် ခိုလှုံကြသောအခါ အခြား ဒုက္ခခံစားနေရသူများ၊ သတ္တဝါများ နည်းတူပင် ပြုမူဆက်ဆံခဲ့သည်။ ကျမတို့ သမိုင်း အစဉ်အလာရှိသော ဗုဒ္ဓဘုရားသည် ပရိနိဗ္ဗာန် ခံဝင်ခဲ့ရသော်လည်း ဗုဒ္ဓ၏ တရားတော်များက ဗုဒ္ဓ၏ စံနမူနာများအတိုင်း (လိုက်ကျင့်ကြံရန်) ကျမတို့ကို တွန်းအားပေးနေသည်။ ဗုဒ္ဓ၏ ဟောပြောပြသမှုများသည် ပြည့်တန်ဆာများနှင့် တိုက်ရိုက် ဆက်နွယ်နေသည်။ ထိုတရားတော်များသည် အမျိုးသမီးများကို ပြည့်တန်ဆာဘဝမှ လွတ်မြောက်ရန်သာမက ဘာသာရေးပိုင်းမှ အမျိုးသမီးများကို ပြည့်တန်ဆာဘဝမှ လွတ်မြောက်ရန်အတွက်ပါ ကြီးမားသည့် အထောက်အကူများ ဖြစ်စေနိုင်ပါသည်။

လူသားများ အားလုံးသည် ဘာသာရေးအရ (ဝိဥာဉ်ရေးအရ) တူညီသော လက်ခံနိုင်မှု ရှိသည်ဟူသော ခံယူမှုဖြင့် ဗုဒ္ဓသည် မိထွေးတော် ဂေါတမီ (မဟာပဇာ ပတိဂေါတမီ) အား သာသနာဘောင်သို့ လာခြင်းကို လက်ခံခဲ့သည်။ ဤအဖြစ်အပျက်သည် ကမ္ဘာ့ဘာသာရေးသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ်နှင့် အမျိုးသား ဘာသာရေး ဦးဆောင်သူတစ်ဦးက အမျိုးသမီးများ၏ ဝိဥာဉ်ရေးစွမ်းရည် (ဘာသာတရားဆိုင်ရာ လက်ခံနိုင်မှုစွမ်းရည်) ကို ရှင်းရှင်းလင်းလင်းနှင့် အကြွင်းမဲ့ အသိအမှတ် ပြုလိုက်ခြင်း ဖြစ်သည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများသည် ဤသို့ အသိအမှတ်ပြုထားမှု၏ အရေးကြီးပုံကို နားလည်ရမည့်အပြင် ကောင်းစွာ အသုံးပြုကြရမည် ဖြစ်သည်။  ဘာသာရေးဆိုင်ရာ တန်းတူညီမျှမှုမှာ နိဗ္ဗာန်သို့ မျက်မှောက်ပြုရာ လမ်းခရီးသည် လူသားအားလုံးအတွက် မည်သည့် ချွင်းချက်များမှ မထားပဲ ဖွင့်လှစ်ထားသည်ဟူ၍ အဓိပ္ပာယ် ရပေသည်။

ဗုဒ္ဓဟောကြားခဲ့သော ပထမဆုံး သစ္စာတရားမှာ ဘဝသည် ဆင်းရဲခြင်းဖြစ်သည်ဆိုသော ဒုက္ခသစ္စာ ဖြစ်သည်။ လူတစ်ဦး၏ လူမှုရေးဆိုင်ရာ အခန်းကဏ္ဍ (သို့မဟုတ်) အဆင့်အတန်းသည် မည်သို့ပင် ဖြစ်ပါစေ သူ၏ တွေ့ကြုံရမှုများသည် ဆင်းရဲခြင်း (ဒုက္ခ) သာဖြစ်သည်။ ယင်းကိုပင် နားလည်သိမြင်၍ လွတ်မြောက်ရာလမ်းကို ရှာဖွေမှသာ ဗုဒ္ဓဘာသာ၏ တရားသည် အဓိပ္ပါယ်ရှိလာသည်။ အကယ်၍ ပြည့်တန်ဆာတစ်ဦးသည် သူမ၏ ကိုယ်တွေ့ကြုံနေရသော ဆင်းရဲခြင်းနှင့် ဒုက္ခများကို စတင်သိမြင်လာပြီးလျှင် ဗုဒ္ဓညွှန်ပြထားသော လမ်းအတိုင်း လိုက်နာခြင်းအားဖြင့် သူမ၏ ကံကြမ္မာ တိုးတက်မှုကို ရှာကြံနိုင်ပေသည်။

ဗုဒ္ဓဘာသာဝင်တို့၏ အမြင့်ဆုံး ရည်မှန်းချက်ဖြစ်သော နိဗ္ဗာန်ကို လူတိုင်း ရရှိနိုင်ပါသည်။ ရုပ်ခန္ဓာ၏ စင်ကြယ်ခြင်း (သို့မဟုတ်) မစင်ကြယ်ခြင်းသည် လူတစ်ဦးတစ်ယောက်ကို ဤအမြင့်မားဆုံး သစ္စာတရားအပေါ် နားလည်ခြင်းမှ တားဆီးမရနိုင်ပေ။ ပြည့်တန်ဆာများအပေါ် လူ့ဘောင်အဖွဲ့အစည်းများက ပြစ်တင်ရှုတ်ချမှုများ ရှိနေသော်လည်း ၄င်းသံသရာမှ လွတ်မြောက်ရာလမ်း (ဘာသာရေးတရား အားထုတ်မှုတို့) တွင် သူတို့၏ အတွေ့အကြုံများကို အကျိုးရှိရှိ အသုံးချနိုင်ပါသည်။ ဗုဒ္ဓလက်ထက် ပြည့်တန်ဆာတို့သည် ဧည့်သည်များအပေါ် အလွန်အမင်း လိုက်လျောရပြီး အောက်ကျသော အဖြစ်များ တွေ့ကြုံရခြင်းနှင့် ယင်း၏ အလုံးစုံ အဓိပ္ပါယ်ကင်းမဲ့မှုကို သဘော ပေါက်လာသောကြောင့် ဘာသာရေးနယ်ပယ်သို့ လုံးဝကူးပြောင်းသွားသော အဖြစ်အပျက်များ ရှိခဲ့သည်။

(လက္ခဏာရေး တရားသုံးပါး (Trilaksana, ဘဝတည်ရှိရသော ပုံစံသုံးမျိုး)၊ ဒုက္ခ (ဆင်းရဲခြင်း)၊ အနိစ္စ (မတည်မြဲခြင်း)၊ အနတ္တ (အစိုးမရခြင်း/ငါမဟုတ်) စသည်တို့နှင့် ပတ်သက်သော ဟောကြားမှုသည် အထူး အဖိုးတန်ပါသည်။ လောကအတွင်းရှိ မြင်တွေ့နေကြရသော အရာတိုင်းသည် ဤလက္ခဏာ (၃)ရပ်ကို ထင်ရှားစေပါသည်။ တည်မြဲမှုမရှိခြင်း၏ သဘာဝသည် အထူးသဖြင့် ပြည့်တန်ဆာနှင့် ပတ်သက်နေသည်။ သူတို့၏ အသက်မွေးမှုသည် ပျိုရွယ်မှုနှင့် ရုပ်အဆင်း လှပမှုအပေါ်တွင် တည်မှီနေကာ ယင်းတို့သည် အခိုက်အတန့်မျှသာ ဖြစ်လေသည်။ ရုပ်ဆင်းအင်္ဂါ လှပမှုနှင့် ကာမဂုဏ်တရားများသည် တည်မြဲမှု မရှိပဲ ဆင်းရဲဒုက္ခများဆီသို့သာ ဦးတည်နေကြောင်းကို ပြည့်တန်ဆာများအား နားလည်လက်ခံစေရန် ဗုဒ္ဓတရားတော်က အထောက်အကူ ပြုနေနိုင်သည်။ သို့ရာတွင် (ဗုဒ္ဓဘာသာဆိုင်ရာ သံဃာအဖွဲ့အစည်းများတွင်) ဗုဒ္ဓဘာသာဆိုင်ရာ တရားတော်များ အမြဲတစေ ပြည့်စုံစွာ ရောင်ပြန်ဟပ်မနေပါ။ ထိုင်းလူမှုအဖွဲ့အစည်းမှ ပြည့်တန်ဆာများနှင့် သာမန်အမျိုးသမီးများအား အဆိုးဖက်ရန် ရှုမြင်နေသော သဘောထားများ ရှိနေသည်။ သံဃာ (Sangha) ဆိုသည်မှာ ထုံးတမ်း အစဉ်အလာအရ ဘုန်းကြီး၊ ရဟန်းများနှင့် သီလရှင် အသိုင်းအဝိုင်းကို ခေါ်သည်။ လေးပါး (သို့မဟုတ်) ထိုထက်ပိုသော ရဟန်းတော်များနှင့် သီလရှင် အစုအဖွဲ့ကို သံဃာဟူ၍ မှတ်ယူကြသည်။ အနောက်နိုင်ငံများတွင် သံဃာဟူသော ဝေါဟာရ၌ သာမန် ဗုဒ္ဓဘာသာဝင် လူ့အဖွဲ့အစည်းပါ အကြုံးဝင်လေသည်။ ထေရဝါဒ ဗုဒ္ဓဘာသာအစဉ်အလာတွင် သံဃာဆိုသည်မှာ သိမ်ဝင် ရဟန်း ခံထားသူကိုသာ ဆိုလိုသည်။ ထိုင်းနိုင်ငံတွင် ‘သံဃာ’ဟူသည်မှာ ရဟန်းတော်များ၏ လူမှုအဖွဲ့အစည်းကို ဆိုလိုပြီး သီလရှင်များအား တရားဝင် အသိအမှတ် ပြုထားခြင်း မရှိချေ။

ကျမတို့သည် ထိုင်းနိုင်ငံ သံဃာ အဖွဲ့အစည်း၏ သဘာဝကို ရှင်းလင်းစွာ နားလည် သဘောပေါက်ရန် လိုအပ်ပါသည်။ သာသနာ့ဘောင်သို့ ဝင်၍ အမျိုးသားများအတွက် လိုအပ်ချက်မှာ အနည်းဆုံးဖြစ်သည်။ အိမ်မဲ့ယာမဲ့ ယောက်ျားတစ်ယောက်သည် လုံးဝမျက်စိမမြင်သူ၊ အလွန်အမင်း ကိုယ်လက်အင်္ဂါ ချို့ယွင်းချက်ရှိသူ (သို့မဟုတ်) သိသာစွာ ရူးသွပ်နေသူ မဟုတ်လျှင် ရဟန်းပြုနိုင်ပေသည်။ ပညာရေးဆိုင်ရာ အဆင့်အတန်း မလိုအပ်ပါ။ ထိုင်းရဟန်းတော် အများစုသည် မသင်မနေရ ပညာရေးစနစ်အရ (၄) နှစ်ခန့်သာ ပညာသင်ကြားခဲ့ကြသည်။ (ခရစ်ယာန်ဘာသာဝင်တို့၏ အစဉ်အလာနှင့် မတူညီပဲ) ဗုဒ္ဓဘာသာဝင် အမျိုးသားတို့သည် ဦးစွာရဟန်းဖြစ်ပြီးမှ ဗုဒ္ဓဘာသာတရားကို လေ့လာကြသည်။ ရဟန်းတော်အများစုသည် ပုံမှန်ဗုဒ္ဓဘာသာ ပညာရေးကို ဆက်လက်၍ မလိုက်စားကြချေ။ ရဟန်းတော်အများစုမှာ အဝါရောင်သင်္ကန်း ဝတ်ဆင်ထားကြသည့် ပညာမတတ်သော သာမန်လယ်သမားဖြစ်ကြသည်။

ဤအချက်များသည် ရဟန်းသံဃာများအပေါ်၌ လူမှုရေးအရများစွာ သက်ရောက်မှုမရှိချေ။ သို့သော် ထိုင်းလူ့အဖွဲ့အစည်းသည် သံဃာတော်များကို အလွန်အမင်း လေးမြတ်ပူဇော်ကြပြီး ဗုဒ္ဓကို တိုက်ရိုက် ကိုယ်စားပြုနေကြသူများ အဖြစ် ရှုမြင်ကြသည်။ ယင်းမှာ ထိုင်းနိုင်ငံတွင် ပကတိ တည်ရှိနေသော ကြောင့်ပင်ဖြစ်သည်။ ရဟန်းတော်များအပေါ် မကောင်းပြောခြင်း၊ မြင်ခြင်းတို့သည် ကုသိုလ်ကောင်းမှုများ ကွယ်ပျောက်၍ ကြမ္မာဆိုးများ ဖြစ်လာနိုင်သည်ကို ယုံကြည်ကြသဖြင့် ရဟန်းသံဃာများက အကောင်းကို လုပ်သည်ဖြစ်စေ၊ အဆိုးကို လုပ်သည်ဖြစ်စေ သာမန်ပြည်သူများသည် ဝင်ရောက် စွက်ဖက်လိုစိတ် မရှိကြပေ။ ပတ်ဝန်းကျင်တွင် ပြောဆိုနေကြသည့် ‘မကောင်းတာဟာ သီလရှင်များကြောင့်၊ ကောင်းတာက ရဟန်းရှင်များကြောင့်’ ဟူသော စကားမှာ ထိုင်းသာမန်ပြည်သူတို့၏ ယုံကြည်မှုကို ရှင်းရှင်းလင်းလင်း ဖော်ပြနေသည်။ ယင်းမှာ သံဃာတော်များ ဘာပဲလုပ်လုပ် ယင်းသည် ၄င်းတို့အပေါ်တွင်သာ မှီနေသည်ဟူသော ယုံကြည်မှုဖြစ်သည်။ ထို့ပြင် ယင်းမှာ သံဃာအဖွဲ့ဝင် အမျိုးသမီးတို့သည် မကောင်းမှု အကုသိုလ်တရား၏ အရင်းအမြစ်များဟူ၍ တွက်ဆမှုများ ဖြစ်စေနိုင်သည်။ ထိုယုံကြည်မှုသည် အန္တရာယ်အလွန်များသော သဘောထားများ ဖြစ်ကာ ခေတ်ဦး ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်မှုနှင့်လည်း ကင်းကွာနေပေသည်။ ဗုဒ္ဓဘာသာ အစောပိုင်းကာလက သံဃာများနှင့် သာမန်လူ (လူဝတ်ကြောင်) များသည် အပြန်အလှန်အားဖြင့် အထောက်အကူ ပြုနေသည်။ သံဃာတော်များသည် ဗုဒ္ဓဘာသာဆိုင်ရာ တန်ဖိုးနှင့် (ကိုယ့်ကျင့်သိက္ခာများကို) ထိန်းသိမ်းကာ ဘာသာရေးဆိုင်ရာ လမ်းညွှန်မှုများ ပေးနေသည်ဟု တွက်ဆနိုင်ပြီး အပြန်အလှန်အားဖြင့် သာမန်လူတို့က လူ့အဖွဲ့အစည်းများတွင် ထောက်ပံ့ခဲ့ကြသည်။ အစောပိုင်း ဗုဒ္ဓဘာသာ ကျမ်းစာများတွင် သာမန် လူ့အဖွဲ့အစည်းသည် သံဃာတော်တို့၏ ကိုယ်ကျင့်သီလကို ဆန်းစစ်နိုင်သည့် အနေအထားတွင် ရှိခဲ့သည်။

ထိုင်းသံဃာ အဖွဲ့အစည်းအတွင်း (ထိုင်းသံဃာတော်များက အမျိုးသမီးများ၏ သိမ်ငယ်မှုနှင့် ပြည့်တန်ဆာတို့၏ ဘဝကံမကောင်း အကြောင်းမလှမှုတို့ အပေါ်တွင် အလေးထား) နေသော ဖြစ်ရပ်များကို တွေ့ရလျှင် မအံ့သြစေချင်ပါ။ ထိုသံဃာတော်များသည် အမျိုးသမီးနှင့် ပြည့်တန်ဆာများအား နောင်ဘဝတွင် ပိုကောင်းသော ဘဝ အာမခံမှုများ ရရှိရန် ဘုန်းကြီးကျောင်းများသို့ အလှူအတန်းပြု၍ ကုသိုလ်ကောင်းမှု လုပ်ရန် တိုက်တွန်းသည်။ အကျိုးရလာဒ်အဖြစ် မြောက်ပိုင်းဒေသရှိ ဘုန်းကြီးကျောင်းအချို့သည် ပြည့်တန်ဆာတို့၏ ဝင်ငွေဖြင့် ခမ်းနားစွာ ပြင်ဆင်ထားလေသည်။

သံဃာတော်တို့သည် ထိုင်းနိုင်ငံ ကျေးလက်ဒေသများတွင် အဓိပ္ပါယ် ရှိနေဆဲ ဖြစ်သော်လည်း ဘန်ကောက်ကဲ့သို့သော မြို့ပြဒေသများတွင် သံဃာနှင့် သာမန် လူ့အသိုင်းအဝိုင်းကြား ဆက်ဆံရေးသည် ပြိုပျက်လွယ်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ သံဃာတော်အများစုသည် လူထုအခမ်းအနားများ (သို့မဟုတ်) ဘာသာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရုံသာ ရှိနေပေသည်။ သံဃာများနှင့် သာမန်လူထုအကြားတွင် အဓိပ္ပါယ်ရှိသော ပညာပိုင်းဆိုင်ရာ ဆွေးနွေးမှုများ မရှိခဲ့သည်မှာ ကာလကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သံဃာအဖွဲ့အစည်း ပြန်လည် အားကောင်းလာစေရေးအတွက် ဗုဒ္ဓဘာသာ ပညာရေးစနစ် ပြန်လည်ရှင်သန်ရေးမှာ အဓိက လိုအပ်ချက်ဖြစ်သည်။ အနိမ့်ဆုံးအားဖြင့် မိမိတို့ သံဃာတော်များကို ဖြည့်စေ၍ မြို့ပြဒေသနေ လူအများကို ထိရောက်သော ဘာသာရေးဆိုင်ရာ လမ်းညွှန်မှု ပေးရန်ဖြစ်သည်။

လွန်ခဲ့သော နှစ်နှစ်ဆယ် သုံးဆယ်အတွင်းတွင် ပြည့်တန်ဆာဦးရေ ထူးခြားစွာ တိုးမြင့်လာနေကာ သံဃာနှင့် ကိုရင် အရေအတွက်မှာ ခန့်မှန်းခြေ သုံးသိန်းခန့်ရှိပြီး မပြောင်းလဲခဲ့ပေ။ သံဃာတို့သည် ပြည့်တန်ဆာအရေးကိစ္စ အပါအဝင် သာမန် လူမှုရေးကိစ္စများတွင် အလွန်သီးသန့်ဆန်သော သဘောထားများ ရှိနေကြသည်။ ဤလူမှုရေးကိစ္စများကို လက်မခံမှုမှာ သံဃာများသည် ပြည်သူတို့၏ လောကီရေးရာများတွင် ဝင်ရောက် မစွက်ဖက်သင့်ဟူသော သဘောပေါက်မှု (သို့မဟုတ်) လွဲမှားသော နားလည်မှု တစိတ်တပိုင်း ဆက်စပ်နေသည်။ ဤသို့သော သဘောထားများကြောင့် သံဃာတော်များထံမှ အပြုသဘော (သို့မဟုတ်) အဓိပ္ပါယ်ရှိသော ပါဝင်ဆောင်ရွက်မှုများကို မျှော်လင့်ရန်မှာ အမှန်ပင်ခက်ခဲလှသည်။

အချို့သော ဗုဒ္ဓဘာသာဝင်တို့သည် ဂုဏ်ရှိသော အမှုကို ပြုရန်နှင့် အကျင့်သီလနှင့် ပြည့်စုံသော သံဃာတော်များကို ကိုးကွယ်ရန် သက်သက်ကိုသာ သိရှိနေကြသည်။ ထို့ကြောင့် သံဃာတော်များထံ ဆည်းကပ်ကြသည့်အခါ ကျမတို့ သာမန်ပြည်သူများအနေနှင့် သံဃာတော်တို့၏ သဘာဝနှင့် အားနည်းချက်မျာကို သတိပြုကြရပေမည်။ ကျမတို့သည် ယေဘူယျအားဖြင့် ပညာမရှိသော ရဟန်းများ၏ အကြံပေးသွန်သင်မှုများကို မျက်စိမှိတ်၍ လက်ခံလိုက်ခြင်း မပြုမိစေရန် သတိထားကြရပေမည်။

အနောက်နိုင်ငံများမှ ဘီက္ခူနီ (ရဟန်းမ) များသည် (လူ့ဘောင်အတွက် အလွန်ကောင်းမွန်သော) လုပ်ငန်းရပ်များကို ဆောင်ရွက်ပေးနေကြသည်။ ဘိက္ခူနီတို့က အဓမ္မပြုကျင့်ခံရသူများနှင့် ကိုယ်ဝန်ဖျက်ခဲ့ကြသော အမျိုးသမီးများကို ဘာသာရေးဆိုင်ရာ ကျင့်ကြံအားထုတ်မှုများ ဆောင်ရွက်စေခြင်းအားဖြင့် ၄င်းတို့၏ စိတ်ပိုင်းဆိုင်ရာနှင့် ဝိဥာဉ်ပိုင်းဆိုင်ရာတို့ကို ပြန်လည်တည်ဆောက်ရန် ကူညီနိုင်သည်။ ဤဆောင်ရွက်မှုသည် စိတ်ဆင်းရဲဒုက္ခ ခံစားနေရသော အမျိုးသမီးများအပေါ်တွင် စိတ်ပိုင်းဆိုင်ရာအရ ကြီးမားသော သက်ရောက်မှုကို ဖြစ်စေသည်။ တိဗက် ဗုဒ္ဓဘာသာ ထုံးစံအရ ရဟန်းခံခဲ့သော အမေရိကန် ဘိက္ခူနီရှင် ဆန်းယီခါဒရို (Ven Sangye Khadro) သည် အဆင့် ၄ ဆင့်ပါသော မကောင်းမှုမှ သန့်ရှင့်စင်ကြယ်စေသည့် ကျင့်စဉ်များကို တင်ပြထားသည်။ ယင်းတွင် နောင်တ၊ ခိုလှုံရာ၊ ပိုင်းဖြတ်မှုနှင့် ပြန်လည်ဆန်းစစ်မှုဟူသော စိတ်ပိုင်းဆိုင်ရာ ခံယူမှု (၄) ရပ်ကို (ဂရုဏာတရားနှင့်အတူ) စိတ်တွင်း၌ ရိုးသားစွာ ဖြစ်ပေါ်စေခြင်းက ကိုယ်ဝန်ဖျက်ချပြီးနောက် အမျိုးသမီးများ တွေ့ကြုံကြရသည့် (စိတ်ပိုင်းဆိုင်ရာ) နာကျင်မှုနှင့် လိပ်ပြာမသန့်မှုတို့အား ကုစားရာတွင် ထောက်ကူပေးနိုင်သည်။ သို့ရာတွင် စစ်မှန်သော ကုစားမှု (သို့မဟုတ်) သန့်ရှင်းစင်ကြယ်မှုသည် သတ္တဝါတို့၏ ပျော်ရွှင်စွာ အသက်ရှင်သန်ပိုင်ခွင့်ကို လက်ခံပြီး သတ္တဝါတို့အပေါ် ချစ်ခင်ရန်နှင့် ပိုမိုပွင့်လင်းရန် လေ့လာခြင်းမှ ထွက်ပေါ်လာခြင်းဖြစ်ပေသည်။ ဗုဒ္ဓဘာသာ၏ အဆုံးအမများနှင့် ကျင့်ကြံအားထုတ်မှုများကို ပြည့်တန်ဆာများအား ပို၍ကောင်းမွန်သော ဘဝသို့ ပြောင်းလဲလာစေရန် ကူညီရာ၌ အသုံးပြုနိုင်ပါသည်။

ပြည့်တန်ဆာလုပ်ငန်းကို ဖြေရှင်းရန်အတွက် ဘိက္ခူနီ သံဃာအဖွဲ့အစည်းကို ပြည်လည်မိတ်ဆက်ရန် အလွန်လိုအပ်နေသည်။ အခြား အမျိုးသမီးများအား ဘာသာရေးဆိုင်ရာ လမ်းညွှန်မှု၊ ကမ်းလှမ်းမှုများ ပေးရာ၌ သီလရှင်တို့က ပိုမို ဆောင်ရွက်နိုင်ကြပေသည်။ အစဉ်အလာအားဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများသည် ဒုက္ခရောက်နေသူ လူအများအတွက် ခရီးတစ်ထောက် ကွန်းခိုရာအဖြစ်နှင့် မမြင်သာသော လုပ်ငန်းများကို ဆောင်ရွက်ပေးနေပါသည်။ သို့သော် ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ ကျောင်းတော်များ (ဘုန်းကြီးကျောင်းများ) သည် ရဟန်းတော်များသာ ရှိခြင်းကြောင့် ယင်းဆောင်ရွက်မှုများသည် အမျိုးသားများအတွက်သာ ဖြစ်နေပေသည်။ ထင်ရှားသော ထိုင်းဗုဒ္ဓဘာသာဆိုင်ရာ လူမှုရေး ဝေဖန်သူတစ်ဦးဖြစ်သူ ဆူလပ်ဆီဝလက်ဆ (Sulak Siva raksa)က ထိုင်းနိုင်ငံတွင် ပြည့်တန်ဆာလုပ်ငန်းများ မြင့်မားနေခြင်းသည် ဘိက္ခူနီ သံဃာအဖွဲ့အစည်း မရှိမှုအပေါ်တွင် တစိတ်တပိုင်းအားဖြင့် တာဝန်ရှိသည်ဟု ဝေဖန်ပြောထားသည်။ ကျောင်းသင်္ခန်းများတွင် အမျိုးသမီးဦးရေ တိုးမြင့်လာပါက ပြည့်တန်ဆာရုံများတွင် အမျိုးသမီးများများ လျော့နည်းသွားကာ အမျိုးသမီးများကို ဘာသာရေးတွင် နေရာပေးမှုက လူမှုရေးဆိုင်ရာ အကျပ်အတည်းဖြစ်မှုများကို နည်းပါးသွားစေမည်ဖြစ်သည်။

ကျမတို့၏ ဆွေးနွေးတင်ပြမှုတွင် တွေ့ရသကဲ့သို့ပင် လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်များသည် အပြန်အလှန်အားဖြင့် ပြည့်တန်ဆာလုပ်ငန်းနှင့် ဆက်စပ်နေသည်။ ထိုင်းဗုဒ္ဓဘာသာ သံဃာအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ဗုဒ္ဓဘာသာက ပြည့်တန်ဆာများကို ကြီးမားသော အကူအညီ ပေးနိုင်ကြောင်းကို အစိုးရအရာရှိများက ရှင်းလင်းစွာ နားလည်ပြီး အခြေခံ ပြောင်းလဲမှုများ ပြုလုပ်ရန် စိတ်ထား ထက်သန်နေကြောင်းကို ကျမလက်ခံ ယုံကြည်ပါသည်။ ထိရောက်သော ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ရန်အတွက် ဤပြဿနာတွင် ပါဝင် ပတ်သက်ရသော လူများအပိုင်းက ဤပြဿနာ၏ သဘောသဘာဝကို အသိအမှတ်ပြုလိုသည့် ဆန္ဒမှာလည်း အဓိက လိုအပ်ချက်ဖြစ်သည်။ ထိုင်းသံဃာတော်များသည် သူတို့ကို ကာရံထားသည့် ဥခွံကို ဖောက်ထွက်လာရန်မှာ ကြီးမားသော လိုအပ်ချက်တစ်ခုဖြစ်သည်။ ထို့ပြင် အမျိုးသမီးများကို ကူညီခြင်းဖြင့် တိုက်ရိုက် ပါဝင်ဆောင်ရွက်ရန်နှင့် ဗုဒ္ဓဝါဒကို ပိုမိုနက်ရှိုင်း နားလည်စေခြင်းဖြင့် သွယ်ဝိုက်၍ ပါဝင်ဆောင်ရွက်ရန် လိုအပ်နေသည်။ အကယ်၍ အမျိုးသမီးများက အမျိုးသားများနှင့် တန်းတူဖြစ်လာမှုအပေါ် စိုးရိမ်မှုသည် သံဃာတော်များက သူတို့၏ လမ်းကြောင်းကို မပြောင်းလဲလိုမှု၏ အခြေခံများ ဖြစ်နေလျှင် ဗုဒ္ဓဟောကြားမှုအရ အမျိုးသမီးများသည် ဘာသာရေးဆိုင်ရာ စွမ်းရည် ဝိဥာဉ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ပြီးမြောက်စေမှုတို့တွင် အမျိုးသားများနှင့် တန်းတူဖြစ်သည်ဆိုသော အချက်ကို သတိရ၊ အမှတ်ရသင့်သည်။ လူမှုရေးပြဿနာများသည် အလွန်အမင်း ဖိစီးလာနေသောကြောင့် အချိန်ဖြုန်းနေ၍ မရတော့ပါ။ ယင်းကို အရေးတကြီး ဖြေရှင်းကြရမည် ဖြစ်သည်။ ထိုင်းနိုင်ငံအတွင်းတွင် ထိရောက်သော လူမှုရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ရန်အတွက် ကျားမ လူတန်းစားအလွှာ လူမျိုးရေး စသည်ဖြင့် မခွဲခြားဘဲ လူတိုင်း ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ ကျမတို့၏ ကလေးငယ် မျိုးဆက်သစ်များကို လက်ရှိကျမတို့ ပေးဆပ်နိုင်သည်ထက် ပိုမိုကောင်းမွန်သော ကမ္ဘာကြီးတွင် နေထိုင်နိုင်ရန် အတွက် ကျမတို့၏ အတိုင်းမဲ့စွမ်းရည်များကို အမှန်တကယ် နားလည်သဘောပေါက်၍ ကျင့်ကြံအားထုတ်ကြရမည် ဖြစ်ပါသည်။

Kabilsingh, chatsumarn. Thai Women in Buddhism. Chapter 7, prager 68-71 and 81-85. Parallax Berkeley, California 1991 မှ ကောက်နှုတ်ချက်များ A collation of Article on Thai women and Buddhism, edited by: Virada somswasdi & Alycea Nicholas. Published by: FORWARD and women studies center, faculty of social science, Chaingmai University မှ (P.38-47) ထိဖော်ပြထားသည်များကို ပြန်ဆိုဖော်ပြပါသည်။

အမှတ် ၁၊ ၂ဝဝ၄ ခုနှစ် မတ်လထုတ် စာစောင်ပါ ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်။

ဘာသာရေးကဏ္ဍနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာများတွင်လည်း အမျိုးသမီးများအပေါ် အမြင်နှင့် သဘောထားခံယူမှု အမျိုးမျိုး ရှိနေကြသည် ဖြစ်ရာ မိမိတို့ အနေဖြင့် အစဉ်တစိုက် တင်ပြသွားရန် ရည်ရွယ်ပါသည်။ ဘာသာရေးကို အလေးထား၍ လေ့လာသူများ၏ အကြံပြုမှုများကိုလည်း ဖိတ်ခေါ်အပ်ပါသည်။ မိမိတို့၏ တင်ပြမှုများတွင် အမှားအယွင်းများရှိပါက လွတ်လပ်စွာ ဝေဖန်ထောက်ပြနိုင်ပါသည်။ (အယ်ဒီတာအဖွဲ့)

No comments:

Post a Comment